၂၉ နိုဝင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုအပေါ်မှာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) အနေနဲ့ တရားမျှတပြီး တရားမျှတမှုရှိရမယ်၊ သတိကြီးကြီးကျင့်သုံးရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမှုကို လွှဲပြောင်းပေးတာမဟုတ်ရင် ရောမဥပဒေ စာချုပ်မှာ လက်မှတ်မထိုးထားတဲ့နိုင်ငံနဲ့ နယ်မြေတွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိပါဘူး” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Mao Ning က နိုဝင်ဘာ ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဒါ့အပြင် “ရခိုင်အရေးမှာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ ဘာသာရေးနောက်ခံတွေရှိပါတယ်။ ဒီအပေါ်ကို ချဥ်းကပ်ပုံအမျိုးမျိုးနဲ့ မျှမျှတတဆောင်ရွက်ဖို့လိုပါတယ်”လို့ Ms. Mao Ning က ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ရခိုင်အရေးတိုးတက်ပြောင်းလဲမှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ တရားလိုရှေ့နေ ကာရင်ခန်းက နိုဝင်ဘာ ၂၇ ရက်မှာ ရိုဟင်ဂျာတွေအပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကိုလျှောက်ထားခဲ့ပါတယ်။ ဒီလျှောက်ထားချက်ကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုနေကြပေမဲ့ တရုတ်ဘက်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
Photo – MOFC