၁ နိုဝင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ဖို့ အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်းသွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့က နိုဝင်ဘာလ ၃၀ ရက်မှာ ပူးတွဲ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က ICC ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားလိုက်တာကို သိရှိရပြီး ဒါကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကြေညာချက်ထဲမှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ ပတ်သက်ဆက်စပ်သူအားလုံးဟာ ပျက်စီးဆုံးရှုံးတာတွေကို မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ ကြရမယ်လို့ ပါဝင်ပါတယ်။
စစ်တပ်အတွင်းက တပ်မတော်သားတွေအနေနဲ့ တပ်မတော်ကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုအတွက် တာဝန်ရှိသူမင်းအောင်လှိုင်လက်ထဲက ပြန်ကယ်ပြီး နိုင်ငံရေးနဲ့ပတ်သတ်မှုမရှိတဲ့ ၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေနဲ့အညီ ဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီအခြေအနေဟာ မြန်မာ့တပ်မတော်သမိုင်းမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု တရားခံအဖြစ် နိုင်ငံတကာတရားရုံးတခုရဲ့ ဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံး လျှောက်ထား ခံရတာဖြစ်ပြီး မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံရဲ့လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်နေတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မယ်လို့လည်း ရေးထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင်ဦးဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေတဲ့ ဆက်ဆံရေးတွေကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပွားတာကို အားပေးသလို မဖြစ်အောင် သတိမူကြဖို့လိုလာပြီလို့ ပြောဆိုပါတယ်။
လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့်တရားခံက ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားဝင်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။ နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလားတူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလည်းဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ICC၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေကတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမယ်လို့လည်း ပူးတွဲထုတ်ပြန်ပါတယ်။