စစ်ကော်မရှင် လက်အောက်ကနေ ထိုင်းမှာ ကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေကို သွားရောက် အားပေးခဲ့တဲ့ အတွက် ကယန်းလက်ဝှေ့မယ် ဗရော်နီကာကို ပရိတ်သတ်တွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က မွေ့ထိုင်း မြန်မာလက်ရွေးစင်တွေဖြစ်တဲ့ နော်ဥမ္မာစိုးနဲ့ စူပါရေချမ်းတို့ရဲ့ ပွဲတွေကို သွားရောက်အားပေးခဲ့ပြီးနောက်ပိုင်းမှာ စစ်ကော်မရှင်ကို ထောက်ခံသလိုဖြစ်နေတာကြောင့် ပရိတ်သတ်တွေက ဝေဖန်ခဲ့ကြတာပါ။
အဲ့ဒီလို စစ်ကော်မရှင်က စေလွှတ်တဲ့ ကစားသမားတွေကို သွားရောက် အားပေးတဲ့ အတွက် ပရိတ်သတ်တွေက ဝေဖန်ရေးသားနေချိန်မှာသူက “ဟုတ်တယ် သူငယ်ချင်းကို အားပေးဖို့ဒီမှာရောက်ရှိနေတယ်။ တိုက်ခိုက်ရေးသမားတွေဟာ အမြင့်ဆုံးအဆင့်ကိုရောက်ဖို့ ပံ့ပိုးမှုလိုအပ်တယ်။ကျွန်တော်တို့ကအဲ့ဒီပံ့ပိုးမှုကို မြန်မာနိုင်ငံကိုယ်စားပြုပြီး ကျွန်တော်တို့လူမျိုးတွေအတွက် ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်ဖို့ အသုံးပြုပါတယ်။ကမ္ဘာကမြန်မာနိုင်ငံမှာရှိနေတဲ့ အရည်အချင်းတွေကို သိသင့်တယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်ခံယူချက် ကျွန်တော်အသိဆုံးပါ။ ကျွန်တော်ဟာအားလုံးအတွက် တိုက်ပွဲဝင်နေတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ အားပေးတဲ့တစ်ယောက်စီတိုင်း ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့တဲ့ အတွက် ပရိတ်သတ်တွေက ပိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။
ပရိတ်သတ် တဦးကတော့ “ဗရော်နီကာရေ အရမ်းသဘောကျခဲ့ပါတယ် အဓမ္မဘက်မှာရပ်တည်ဖို့စိတ်ကူးရှိရင်တော့ ဒီဘဝနဲ့ဒီမျှပါပဲ။”လို့ ရေးသားထားပါတယ်။
စစ်အုပ်စုထောက်ခံသူတွေကို ဖော်ထုတ်နေတဲ့ Fncc Burma Fact Check Community ကတော့”စစ်အုပ်စုဒေါက်တိုက် Forever Group ရဲ့ အဓိက ၀င်ငွေအရင်းအမြစ်ဖြစ်တဲ့ မာလာမြိုင် Sponsor Shirt နဲ့ ဓာတ်ပုံရိုက်တုန်းကတောင် စာချုပ်ချုပ်ထားတာမဟုတ်လို့ ပုံဖြုတ်ချ ဖို့ တိုးတိုးသက်သာ ကြားထဲက သတိပေးခဲ့ပါတယ် ။အခုကတော့ စစ်အုပ်စု အတွက်ပါ ပရိုမိုးရှင်း လုပ်ပေးတဲ့အခြေအနေ ရောက်သွားသလို အခုလုပ်နေတဲ့ ပုံစံ က နင်တို့ကြိုက်တာ လုပ် ငါကတော့ အေးဆေးပဲလို့ ပြောချင်တဲ့သဘောလို့ ယူဆပါတယ်။ကျနော်တို့ One Championship ထိုးမဲ့ပွဲစဉ် ကနေပါ ဆက်သပိတ်မှောက်ဖို့လုပ်ပါမယ်။စောင့်ကြည့်ပါ။ပြည်သူနဲ့ဆန့်ကျင်ရာအရပ်မှာ ပြည်သူကို လွန်ဆန်ပြီး ရပ်တည်လို့ရတဲ့ အားကစားသမားတစ်ယောက်မှမရှိပါ။နောက်ဆုံးစကားပြောခြင်းဖြစ်ပါတယ်။အဆင်ပြေပါစေ။”လို့ ရေးသားထားပါတယ်။


