၂၃ ဇန်နဝါရီ ၂၀၂၆
၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံက စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံအထူးကိုယ်စားလှယ် ထရီဇာ လာဇရိုက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိတာကြောင့် အာဆီယံအနေနဲ့ တရားဝင် အသိအမှတ်ပြုသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမယ့် ဖိလစ်ပိုင်ဘက်ကတော့ မြန်မာ့အရေးကို ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီး ဆုံးဖြတ်မသွားဘဲ မြေပြင်မှာရှိတဲ့ အခြေအနေတွေနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီအခြေအနေအရ ဖိလစ်ပိုင်နိုင်ငံဟာ စစ်ကော်မရှင်နဲ့သာမက မြန်မာ့တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကိုပါ ထိတွေ့ဆက်ဆံမယ့် သံတမန်ရေးလမ်းကြောင်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ တဂေးတေးမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပြီး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်လာရေးကို ဆွေးနွေးခဲ့ကြပါတယ်။
ဖိလစ်ပိုင်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာလည်း ရွေးကောက်ပွဲကို အစားထိုးဖြေရှင်းနည်းအဖြစ် မယူဆဘဲ ပဋိပက္ခလျှော့ချရေး၊ လူသားစာနာအကူအညီ ပေးပို့ရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အဓိကထားသွားမယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ သန်းနဲ့ချီရှိနေပြီး လူသားစာနာမှုအကျပ်အတည်း ဆိုးရွားနေဆဲဖြစ်တာကြောင့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ့် ထွက်ပေါက်မဟုတ်ဘူးဆိုတာကို ဖိလစ်ပိုင်ဘက်ကပြောပါတယ်။
ပုံစာ – ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံအထူးကိုယ်စားလှယ် ထရီဇာ လာဇရိုကိုတွေ့ရစဉ်
ဓါတ်ပုံ – REUTERS


