စစ်ကော်မရှင်က ရှမ်းတောင်ဒေသခံတွေကိုဆင့်ခေါ်ပြီး TNLA နဲ့ MNDAAအပေါ် ဆန့်ကျင်ဆန္ဒပြခိုင်းတာဟာ တိုင်းရင်းသားအချင်းချင်းအမုန်းပွားဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) ထုတ်ပြန်သတိပေးထားပါတယ်။
စစ်ကော်မရှင်ပြုလုပ်တဲ့ အဲဒီဆန္ဒပြပွဲကို ဩဂုတ်လ ၁၈ ရက်က မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်း စတဲ့မြို့တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့ ဩဂုတ်လ ၁၉ ရက်မှာလည်း လဲချား၊ ပင်လုံ၊ နမ့်စန်၊ မောက်မယ်နဲ့လင်းခေး၊ တောင်ကြီးမြို့တို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
RCSS/SSAရဲ့ထုတ်ပြန်ချက်မှာ ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းတပ် (TNLA) နဲ့ ရှမ်းတပ် (SSPP)တို့ရဲ့ ကြီးမားတဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကို RCSS အနေနဲ့ခံခဲ့ရပေမဲ့ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကိုရှေးရှုတဲ့အနေနဲ့ ဒေသခံတိုင်းရင်း သားတွေကို ဆန္ဒပြခိုင်းတာမျိုး တကြိမ်တခါမှ တိုက်တွန်းတာ လုပ်ဆောင်ခိုင်းတာမျိုး မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ TNLA နဲ့ MNDAA အ ပေါ် ဒေသခံပြည်သူတွေကို အသုံးချ ဆန့် ကျင်ဆန္ဒပြခိုင်းတဲ့ ကိစ္စရပ်မှာ RCSS/SSA အနေနဲ့လုံးဝ ပါဝင် ပတ်သက်တာမျိုးမရှိဘူးလို့ ဆိုထားပါတယ်။
ဒါအပြင် ဒေသခံတိုင်းရင်းသားပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ လှည့်ကွက်ထဲ မကျရောက်မိစေဘဲ သတိထားရှောင် ရှားနိုင်ဖို့ RCSS က တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်ကျင်းပတဲ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံပြည်သူလူထုတွေဟနိုင်ငံရေးအသုံးချခံများသာဖြစ်ပြီး စစ်အုပ်စုရဲ့ ယအခု လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ အခုဆန္ဒပြပွဲဟာ ရှမ်းပြည်သူလူထုရဲ့ သဘောဆန္ဒတွေမပါဝင်ဘူးလို့ Dai Youth Congress ကလည်းထုတ်ပြန်ချက် အသိပေးထားပါတယ်။
ဓာတ်ပုံ-CJ


