စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်သမ္မတဖြစ်ဖို့ လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောဆိုပါတယ်။
သူမဟာ ကိုရီးယား SBS သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ထောက်ပြပြော ဆိုလိုက်တာဖြစ်ပြီး၊ စစ်ကော်မရှင်ဟာ ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးစားနေပေမဲ့ ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ကတော့ အရှိန်အဟုန်နဲ့ ဆက်ရှိနေတယ်လို့ သူမကဆိုပါတယ်။
ဒါအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က အာဏာသိမ်းကတည်းက ချိုးဖောက်ဖျက်ဆီးခဲ့ပြီးသားမို့ အခုလုပ်မယ့်ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရား ဝင်မှုမရှိဘူးလို့လည်း သူက ပြတ်ပြတ်သားသားပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့အတုအယောင် ရွေး ကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့နဲ့ မယုံကြည်ကြဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။
လက်ရှိ မြေပြင်အခြေအနေမှာ စစ်ကော် မရှင်ဟာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ နယ်မြေစိုးမိုးမှုဆုံးရှုံးနေပြီး အဖတ်ဆယ်ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးဟာ မြန်မာနိုင်ငံတွင်း ပြဿ နာတင်မဟုတ်ဘဲ ဒေသတွင်းတည်ငြိမ်ရေးအတွက်ပါ အရေးကြီးတဲ့အပြင်နိုင်ငံတကာအနေနဲ့စစ်ကော်မရှင်ကို အသိအမှတ်မပြုဘဲ ပြည်သူ့အစိုးရဖြစ်တဲ့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို တရားဝင် အသိအမှတ်ပြု ဆက်ဆံပေးဖို့ သူကတိုက်တွန်းပါတယ်။
မြန်မာ့ဒီမိုကရေစီ နွေဦးတော်လှန်ရေးဟာ ဘယ်အချိန်မှာအောင်မြင်မလဲဆိုတာကတော့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုအပေါ်မှာ အများကြီးမူတည်နေတယ်လို့လည်း ဆိုပါတယ်။


