စစ်ကော်မရှင်ရဲ့ကျားဖြန့်နှိမ်နင်းရေးဟာဟန်ပြဆောင်ရွက်ချက်တွေသာဖြစ်ပြီး
ကျားဖြန့်လုပ်ငန်းမှာ စစ်တပ်က ဖမ်းဆီးပြတဲ့အရေအတွက်ဟာ အနည်းအကျဉ်းသာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။
ဒါအပြင် စစ်ကော်မရှင်ဟာ ကျားဖြန့် ရဲ့ အကြီးဆုံးတရားခံဖြစ်တယ်ဆိုတာ ငြင်းကွယ်လို့မရဘဲ အပြည်ပြည်ဆိုင်ရာရှေ့ မှောက်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတာကြောင့် ကရင်အမျိုးသားအစည်း အရုံး (KNU)ကို တမင်ချနင်းပစ်ဖို့လုပ်လာတယ်လို့ သူက ဆိုပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၄ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့မှာပြုလုပ်တဲ့ စစ်ကော်မရှင်ရဲ့ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်အကြောင်း သ တင်းစာရှင်းလင်းပွဲမှာ KNU ဟာကျားဖြန့်လုပ်ငန်းနဲ့ အဓိကပတ်သက်နေပြီး ထိုင်းဘက်ခြမ်းလက်နက်ကြီးကျရောက်မှုတွေကလည်း KNU ပဲလုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခဲ့တဲ့အပေါ် အခုလိုတုန့်ပြန်လိုက်တာဘဲဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ကျားဖြန့်အဆောက် အဦတွေကို ဟန်ပြဖောက်ခွဲပြနေတာဖြစ်ပြီး ဗုံးမခွဲခင် ကျားဖြန့် ခေါင်းဆောင်တွေကို လုံခြုံတဲ့နေရာတွေကိုခေါ်ထုတ်ခဲ့တယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဟာ အဲဒီလုပ်ငန်းမှာခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းကတဆင့် နေရပ်ပြန်ပို့နေသလို လုပ်ငန်းတွေက သိမ်းဆည်းရမိတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ လုပ်ငန်းသုံး အဆောက် အဦတွေကို ဖောက်ခွဲဖျက်ဆီးပြတာတွေကို လုပ်ပြနေတာကိုတော့ တွေ့ရပါတယ်။


