၂၃ ဇန်နဝါရီ ၂၀၂၆
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ထိုင်းဘုရင့်ကြည်းတပ် NCCC ဌာနအကြီးအကဲ General Direk Bongkarn တို့ဟာ ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံမှုမှာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ကုန်စည်စီးဆင်းမှု ကောင်းမွန်လာရေးအတွက် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်ဘက်က ပြောပါတယ်။
ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတွေ၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စတွေမှာ သတင်းအချက်အလက်ဖလှယ်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့လည်း ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲအတွင်း စစ်ကော်မရှင်ဘက်က မြန်မာနိုင်ငံအတွင်း လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲအခြေအနေတွေကို ထိုင်းဘက်ကို အသိပေးဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဆိုပါ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ နိုင်ငံတကာအသိုက်အဝန်းက သတ်မှတ်ထားပြီး အသိအမှတ်ပြုမထားသေးပါဘူး။
ဓာတ်ပုံ – စစ်ကော်မရှင်


