စစ်ကော်မရှင်တပ်ဟာ မြိတ်-ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ သရက်ချောင်းနယ် မြေနဲ့ မူးမြို့နယ်က ဒေသခံနေအိမ် ၁၁၄ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အောက် တိုဘာ ၂၅ ရက်နေ့မှာ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ သရက်ချောင်းနယ်မြေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ လဘကျေး ရွာက ပြည်သူလူထုပိုင်နေအိမ် ၄၂လုံးအား မီးရှို့ဖျက်ဆီးခဲ့တယ်လို ဖော်ပြထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၀ ရက်နေ့မှာလည်း ခလယ်လွီထူခရိုင် မူးမြို့နယ်ကွင်းဒလကြီးကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူလူထုပိုင် နေအိမ် ၇၂လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ၎င်းတို့ထိန်းချုပ်ရာဒေသတွေအတွင်း အတုယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ငြိမ်းချမ်းနေသည့်သယောင် ပြုမှုနေပေမယ့် ကော်သူးလေထိန်းချုပ်မှုနယ်မြေတွေအတွင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ရာနေ ရာဒေသက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ အဆက်မပြတ်ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – အာဏသိမ်းစစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးရမှုများ (KNU)


