စစ်ကော်မရှင်ရဲ့ အမိန့်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွှေဆိုင် ၅ ဆိုင်လောက်ကို လစဉ် ဝင်ရောက်စစ်ဆေးသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး စာရင်းစစ် စစ်ဆေး ရေးအဖွဲ့တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေ လုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအကြောင်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် သတင်းတွေ ဖော်ပြနေတဲ့ သတင်းဌာနတချို့က န်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ နိုဝင်ဘာ ၁၈ ရက်မှာ ပြုလုပ်တဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ်(၂၆)ဖွင့်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးရွှေ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောတယ်ဆိုပြီး ဖော်ပြနေတာပါ။
ရွှေဆိုင်တွေကို ဝင်ရောက်စစ်ဆေးရာမှာ ရွှေဆိုင်တွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း ရောင်းချတာမျိုး မရှိရင် အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရွှေဆိုင်တွေအနေနဲ့ အရောင်းအဝယ်လုပ်ဆောင်တဲ့အခါ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ က သတ်မှတ်ထားတဲ့ ရွှေရည်ညွှန်း ဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းနဲ့ အထွေထွေကုန်ကျစရိတ် စတာတွေကို ထိုက်သင့်တဲ့ နှုန်းထားထည့်ပေါင်းရောင်းချရမယ်လို့ လည်း သိရပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ရန်ကုန် တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေတကျပ်သား ရည်ညွှန်းစျေးဟာ ၅၉၇၀၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပပေါက်စျေးကတော့ တကျပ်သားကို ၈၆၀၀၀၀၀ ကျပ်ဖြစ်တာကြောင့် ပြင်ပစျေးကွက်နဲ့ ကျပ် ၂၆ သိန်းကျော် ကွာဟနေပါတယ်။


