စစ်ကော်မရှင်က ဒေါက်တာတေဇာဆန်းအပါ ၁၀ဦးကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေပုဒ်မ ၂၃ (ခ)နဲ့ အမှုဖွင့်တယ်လို့ ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ (ခ)ချီချီ၊ မရွန်း (ခ) ရွန်းရွန်း အပါအဝင် ၁၀ ဦးတို့အဖွဲ့ဟာ ဒီဇင်ဘာ ၃ ရက်တုန်းက မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာလုပ်မယ့် “အသံတိတ်သပိတ်” မှာ တနိုင်ငံလုံး ပါဝင်ဆင်နွှဲကြဖို့နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့ လှုံ့ဆော်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
စစ်ကော်မရှင်ကတော့ ဆန္ဒပြခဲ့ကြတဲ့ ဒေါက်တာတေဇာဆန်းတို့ အဖွဲ့ဟာ ရွေးကောက်ပွဲလှုပ်ရှားမှုကို လူထုအထင် အမြင်လွဲမှားအောင် အော်ဟစ်ပြီး ရွေး ကောက်ပွဲဆန့်ကျင်ကြောင်း ရေးသားထားတဲ့ စာရွက်တွေ ကြဲချခဲ့တာကြောင့်မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာတေဇာဆန်းတို့အပြင် နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ၁၀ ရက်အထိ တလကျော်အတွင်း ရွေးကောက်ပွဲကို ဟန့်တားတဲ့လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းတောင်အပါ ဆိုရှယ်မီဒီယာတွေက တဆင့်ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူပေါင်း ၂၅ ဦးထက်မနည်းကို အမှုဖွင့်ထားတာတွေ့ရပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဟန့်တားတဲ့နေရာမှာ သပိတ်လှုပ်ရှားမှုတွေသာမက အွန်လိုင်းပေါ်က ရေးသားတာတွေအပါ Like React ပေးတဲ့သူတွေကိုပါ စောင့်ကြည့်အရေးယူနေတာဖြစ်ပါတယ်။


