Homeပြည်တွင်းသတင်းစစ်ကော်မရှင်က ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး ပြည်သူ့လွတ်လပ်ခွင့်တွေကို စနစ်တကျ ဖိနှိပ်နေတယ်လို့ Human Rights Myanmar ပြော

စစ်ကော်မရှင်က ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး ပြည်သူ့လွတ်လပ်ခွင့်တွေကို စနစ်တကျ ဖိနှိပ်နေတယ်လို့ Human Rights Myanmar ပြော

၁၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

စစ်ကော်မရှင်ဟာ မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုပြီး ပြည်သူတွေကို စနစ်တကျ စောင့်ကြည့်ဖိနှိပ်နေတဲ့ ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ကို တည်ဆောက်လာနေတယ်လို့ Human Rights Myanmar (HRM) က ကုလသမဂ္ဂထံ တင်သွင်းထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအစီရင်ခံစာအရ စစ်ကော်မရှင်ဟာ ရိုးရိုးဆင်ဆာဖြတ်တောက်တာအဆင့်ကို ကျော်လွန်ပြီး AI နည်းပညာ၊ အယ်လ်ဂိုရီသမ်စနစ်တွေကို အသုံးပြုပြီး ပြည်သူတွေကို အချိန်ပြည့် စောင့်ကြည့်ခြေရာခံနေတယ်လို့ ဆိုပါတယ်။ ဒီလိုနည်းလမ်းတွေကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့ အမြင်ထုတ်ဖော်ခွင့်တွေကို အမြစ်ကနေ ဖျက်ဆီးလာနေတယ်လို့ HRM က ထောက်ပြထားပါတယ်။

အစီရင်ခံစာအရ ၂၀၂၁ အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ AI အခြေပြု မျက်နှာမှတ်မိတဲ့ ကင်မရာတွေကို ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်လာပြီး လမ်းပေါ်မှာ သွားလာနေသူတွေကို အမျိုးသားမှတ်ပုံတင် ဒေတာဘေ့စ်နဲ့ ချိတ်ဆက်ကာ အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့အဆင့်အထိ ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီလိုစနစ်ကြောင့် ဆန္ဒပြသူတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ လူအုပ်ကြားမှာတောင် ကိုယ်ပျောက်နေလို့မရတော့ဘဲ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ အင်တာနက်အသုံးပြုမှုကို ထိန်းချုပ်ဖို့ Deep Packet Inspection (DPI) နည်းပညာသုံးပြီး “မဟာဖိုင်ယာဝေါ” တည်ဆောက်ထားတယ်လို့ HRM က ဆိုပါတယ်။ ဒီနည်းပညာကြောင့် ကုဒ်ဝှက်ဆက်သွယ်ရေးတွေကိုပါ စောင့်ကြည့်နိုင်ပြီး VPN အသုံးပြုတာကိုပါ ရာဇဝတ်မှုလို သတ်မှတ်လာတာကြောင့် ပြည်သူတွေအတွက် လုံခြုံတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံနေရပါတယ်။

ဥပဒေရေးရာဘက်မှာလည်း စစ်ကော်မရှင်ဟာ Cybersecurity Law အပါအဝင် ဥပဒေတွေကို လက်နက်လို အသုံးချပြီး ဖုန်းအချက်အလက်၊ တည်နေရာဒေတာတွေကို ခွင့်ပြုချက်မရှိဘဲ ရယူနိုင်အောင် လမ်းဖွင့်ထားတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ ဒီလို နည်းပညာနဲ့ ဥပဒေတွေ ပေါင်းစပ်အသုံးပြုမှုကြောင့် ၂၀၂၅ ခုနှစ်အထိ လူပေါင်း သုံးသောင်းနီးပါး မတရားဖမ်းဆီးခံထားရတယ်လို့ HRM က မှတ်တမ်းတင်ထားပါတယ်။

အထူးသဖြင့် အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းမှာ ကိုယ်ရေးအချက်အလက် ဖော်ထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ သတင်းမှားတွေ ဖြန့်ဝေခြင်း စတဲ့ စနစ်တကျ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

HRM ကတော့ ဒီလို ဒစ်ဂျစ်တယ်ဖိနှိပ်မှုတွေကို ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ စစ်ကော်မရှင်ထံ စောင့်ကြည့်ရေးနည်းပညာ တင်ပို့ရောင်းချမှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ ပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူဖို့နဲ့ ပြည်သူတွေရဲ့ ဒေတာတွေကို ကာကွယ်နိုင်အောင် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – AI generated

#ဒစ်ဂျစ်တယ်အာဏာရှင်

#စောင့်ကြည့်ဖိနှိပ်မှု

#လွတ်လပ်ခွင့်ချိုးဖောက်မှု

#HumanRightsMyanmar

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး