၂၃ ဇန်နဝါရီ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ စစ်ကော်မရှင်ကို ထောက်ခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်ကြပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အဲ့ဒီထုတ်ပြန်ချက်ဟာ ရိုဟင်ဂျာလူမျိုးစုအပါအဝင် မွတ်စလင်အဖွဲ့အစည်းတွေကို စနစ်တကျ ဖိနှိပ်၊ သတ်ဖြတ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြုရာရောက်ပြီး အဖိနှိပ်ခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ နာကျင်မှုကို ပိုပြီး ဆိုးစေဆိုတယ်လို့ဆိုပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေက အဲ့ဒီထုတ်ပြန်ချက်ဟာ အစ္စလာမ်ဘာသာရဲ့ အခြေခံတန်ဖိုးဖြစ်တဲ့ အမှန်တရားကို ထောက်ခံရပ်တည်ခြင်း၊ အဖိနှိပ်ခံသူဘက်မှာ ရပ်တည်ခြင်းတို့နဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြခဲ့ကြပြီး အဲ့ဒီလိုရပ်တည်ချက်ဟာ မွတ်စလင်ထုတရပ်လုံးရဲ့ အသံကို ကိုယ်စားမပြုနိုင်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။
“အစ္စလာမ်ဘာသာအပါအ၀င် ဘာသာတရားအားလုံးမှာ တရားမျှတမှုအပေါ်ရပ်တည်ဖို့ အတွက် သွန်သင်ထားပြီးသားပါ။ နောက်တခုက ဘာသာရေးခေါင်းဆောင်တွေဆိုတာ တရားမျှတမှုကို ရပ်တည်ဖို့ သာမာန်လူတွေထက် ပိုပြီးတာဝန်ရှိပါတယ်။ သို့သော် Real politic ပေါ့ မြန်မာနိုင်ငံမှာတော့ ပိုဆိုးတာပေါ့။ တခြားသော အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတွေမှာလည်းရှိပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေ ဆိုတာ အကျိုးပွားတွေ အပြန်အလှန်ဖလှယ်နေကြတာပါ။”လို့ အစ္စလာမ်ဘာသာဝင် CDM တက္ကသိုလ်ဆရာ တဦးက New Day Myanmar ကိုပြောပါတယ်။
“တနိုင်ငံလုံး ဗုံးကြဲ၊ လူသတ်နေတဲ့အချိန်မှာ ရေငုံနှုတ်ပိတ်အသံတိတ်နေကြပြီး အခု ICJ ကိစ္စရောက်မှ လူမျိုးတုန်းအဓိကလက်သည် တရာခံ မင်းအောင်လှိုင် ကို ကာကွယ်ပေးဖို့ အသံထွက်လာကြတယ်ဆိုတဲ့ အဖွဲ့ရဲ့ဂုဏ်သိက္ခာက ဘာလဲလို့ပြန်မေးခွန်းထုတ်ရတော့မှာပါ။ ဘာသာရေးအရေခြုံထားတဲ့ Evil Institution တခုပါပဲ။”လို့ သူက ဆက်ပြောပါတယ်။
အထူးသဖြင့် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုထားတဲ့ အရေးကြီးကာလအတွင်း စစ်ကော်မရှင်ဘက်ကို ရပ်တည်ကြောင်း ထုတ်ပြန်လာတာဟာ ဖိနှိပ်ခံတွေအတွက် ဒဏ်ရာဟောင်းကို ထပ်ပြီးထိခိုက်စေတဲ့ လုပ်ရပ် ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အဲ့ဒီအဖွဲ့ကြီးဟာ အရင်က မွတ်စလင်တွေ၊ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာ၊ နေရပ်စွန့်ခွာရတာတွေ ဆက်တိုက်ဖြစ်ပွားနေချိန်မှာ တုံ့ပြန်မှုမလုပ်ခဲ့ဘဲ စစ်ကော်မရှင် နိုင်ငံတကာဖိအားတွေ ကြုံနေရတဲ့အချိန်မှာမှ ထောက်ခံကြောင်း ထုတ်ပြန်လာတာဟာ လူ့အခွင့်အရေးနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဝေဖန်ကြပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက် ဖိအားပေးသင့်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။


