Homeနိုင်ငံတကာသတင်းစစ်ကောင်စီ လက်နက်ဝယ်ယူရေးအတွက် ထိုင်းဘဏ်တွေက ကူညီပေးနေကြောင်း ကုလအစီရင်ခံစာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြန်လည်ဖြေရှင်း

စစ်ကောင်စီ လက်နက်ဝယ်ယူရေးအတွက် ထိုင်းဘဏ်တွေက ကူညီပေးနေကြောင်း ကုလအစီရင်ခံစာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြန်လည်ဖြေရှင်း

၁၉ ဇူလိုင်၊ ၂၀၂၄

၂၀၂၄ခုနှစ် ၊ ဇွန်လမှာ ထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့အစီရင်ခံစာထဲမှာ ထိုင်းဘဏ်တွေအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa က ဖြေရှင်းချက် ထုတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Nation က ရေးသားဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်က ထိုင်းနိုင်ငံလွှတ်တော်မှာ လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့် မဟာဗျူ ဟာနဲ့ ပြုပြင်ပြောင်းလဲရေးဌာနက ထိုင်းဘဏ်ကြီးတွေရဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူပြီး မြန်မာစစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ငွေစာရင်းတွေကို စစ်ဆေးသွားဖို့ ပြောဆိုပါတယ်။

ကုလအစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ်က မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ဝယ်ယူမှုတွေမှာ ငွေပေးချေဖို့ ထိုင်းနိုင်ငံက တချို့ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီပေါင်း ၂၅၀ ကျော်ရဲ့ ငွေစာရင်းတွေကတဆင့် လွှဲခဲ့တာကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီလိုဝယ်ယူနိုင်တဲ့အတွက် စစ်ကောင်စီရဲ့အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ပိုမိုမြင့်တက်စေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုပါတယ်။

ဝန်ကြီး Maris က ကုလသမဂ္ဂ ပဋိဉာဉ်နှင့် လူ့အခွင့်အရေးကိုချိုးဖောက်တဲ့ မူဝါဒမျိုးတွေ ထိုင်းမှာမရှိဘူးလို့ ဆိုပါတယ်။

ကုလ မြန်မာနိုင်ငံလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာနဲ့ပတ်သတ်ပြီး စစ်ဆေးမယ့်အဖွဲ့အစည်းတွေနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက လက်တွဲသွားမယ်လို့ ဆိုပါတယ်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ တင်းတင်းကြပ်ကြပ်စစ်ဆေးသွားမှာဖြစ်ပြီး ရလဒ်ကိုလည်း လျှို့ဝှက်ထား မှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

ထိုင်းကုမ္ပဏီတွေရဲ့ ငွေကြေး လွှဲပြောင်းမှုတွေကို ထပ်ပြီး စုံစမ်းဖို့နဲ့ နိုင်ငံတကာ ငွေလွှဲမှုတွေကို ထိုင်းဘဏ် တွေအနေနဲ့ အသေးစိတ်စစ်ဆေးနေဖို့အတွက် လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၄ ရက်မှာ ကုလအစီရင်ခံစာမှာ ပါဝင်တဲ့ ထိုင်းဘဏ်ကြီး ၅ ခုအနေနဲ့ အစီရင်ခံစာ ပြန်လည် တင်ပြရမှာ ဖြစ်ပါတယ်။

ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာထဲ ပါဝင်နေတဲ့ ထိုင်းဘဏ်ကြီး ငါးခုက ခရွန်ထိုင်းဘဏ် (Krung Thai Bank) ၊ ဘန်ကောက်ဘဏ် (Bangkok Bank) ၊ ကိုင်စီကွန်ဘဏ် (Kasikorn Bank) ၊ SCBX ဘဏ် (SCBX Bank) ၊ တီအမ်ဘီသနာချတ်ဘဏ် (TMB Thanachart Bank) တို့ ဖြစ်ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး