Homeပြည်တွင်းသတင်းစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရဲချုပ်ရာထူးကို ၄ ဦးမြောက်အထိ ပြောင်းလဲခန့်အပ်

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရဲချုပ်ရာထူးကို ၄ ဦးမြောက်အထိ ပြောင်းလဲခန့်အပ်

၄ သြဂုတ်၊ ၂၀၂၄

စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နေရာမှာ ရဲဗိုလ်ချုပ် ဝင်းဇော်မိုးကို ရဲချုပ်အဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၃ ရက်မှာထုတ်ပြန်ကြေညာပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရဲချုပ်နေရာကို ၄ ကြိမ်မြောက်အပြောင်းအလဲလုပ်တာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို စစ်ဘက်မှာ ရာထူးပြန်ပေးလိုက်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာခန့်ထားတဲ့ ရဲချုပ်အောင်ဝင်းဦးကို အာဏာသိမ်းပြီး နောက်တစ်ရက်မှာရာထူးကဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ခန့်အပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလမှာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရဲချုပ်အဖြစ်က အနားပေးပြီး ဗိုလ်ချုပ်ဇင်မင်းထက်ကို ရဲချုပ်အဖြစ် ပြောင်းလဲခန့်အပ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ဗိုလ်ချုပ် ဇင်မင်းထက်နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်အဖြစ်ခန့်အပ်ပြီး တစ်နှစ်မပြည့်မှာ ရဲချုပ်နေရာထပ်ပြီးပြောင်းလဲတာဖြစ်ပါတယ်။

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က လူ ၅၀ ဦးနီးပါး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်မှာ အဓိကတာဝန်ရှိသူအဖြစ် ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူထားပါတယ်။

ဆက်စပ် သတင်းများ

Most read