Homeပြည်တွင်းသတင်းစစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA ထုတ်ပြန်

စစ်ကောင်စီအသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း IMJA ထုတ်ပြန်

၂၃ နိုဝင်ဘာ၊၂၀၂၄

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး IMJAက နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန် အသိပေးထားပါတယ်။

၎င်းတို့ ဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီမှာ လွတ်လပ်သော သတင်းမီဒီယာတွေနဲ့ သတင်းသမား တွေကို ဖိနှိပ်ဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်ဖို့ စစ်ကောင်စီအလိုကျ ဖွဲ့စည်းခြင်းသာ ဖြစ်တယ်လို့ (IMJA) က ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး သတင်းမီဒီယာကောင်စီဟာ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားမှာ မဟုတ်သလို စစ်ကောင်စီရဲ့ ဝါဒဖြန့် ယန္တရားလည်ပတ်စေရေးအတွက်သာ လုပ်ဆောင်မှာဖြစ်လို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာ များ အစည်းအရုံး (IMJA) ကယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။

“စစ်တပ်ကအာဏာသိမ်းတာကို တစ်တိုင်းပြည်လုံးက ကန့်ကွက်ထားပြီး စစ်တပ်ကိုလည်း အစိုးရလို့မသတ် မှတ် ထားပါဘူး ဒါကြောင့် သူတို့ဘယ်အဖွဲ့အစည်းတွေ၊ ကောင်စီတွေပဲဖွဲ့ဖွဲ့ လက်မခံပါဘူး။ သတင်းစီးဆင်းမှုအပေါ် ထိန်းချုပ်မှု တိုးမြင့်ဖို့၊ ပြည်တွင်းကလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အထင်အမြင်လှည့်ဖြားဖို့အတွက် လက် နက်တစ်ခုလို သူတို့သုံးဖို့အတွက် ဖွဲ့စည်းလိုက်တာလို့မြင်ပါတယ်၊ သတင်းသမားတွေကို ဖမ်းထားပြီး သတင်း လောကအတွက် သတင်းမီဒီယာဖွဲ့စည်းနေပါတယ်ဆိုတာက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင် သလိုဖြစ်နေ တယ်၊ အာဏာရှင်အုပ်ချုပ်မှုကို တရားဝင်စေဖို့ နောက်ထပ်ကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ သတင်းမီဒီယာကောင်စီဖွဲ့ စည်းလိုက်တဲ့အပေါ် လုံးဝလက်မခံပါဘူး၊ အသိအမှတ်လည်းမပြုပါဘူး” လို့ IMJA ရဲ့ ဒု-ဥက္ကဌ ကိုနိုင်က New Day Myanmar ကိုပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းမီဒီယာတွေကို အာဏာသိမ်းအစိုးရဟု မသုံးနှုန်းဖို့ဖိအားပေးပြီးနောက် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် (၂၆) ဦးအနက် (၂၄) ဦး နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ထိုစဉ်ကလည်း စစ်ကောင်စီဟာ ၎င်းတို့ လက်အောက်ခံ မီဒီယာကောင်စီ တရပ်ကို ဖွဲ့စည်းပြီး သတင်းမီ ဒီယာတွေနဲ့ သတင်းထောက်တွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့အပြင် သတင်းတိုက်တွေ ပိတ်သိမ်းခြင်းနဲ့ သတင်း မီဒီယာသမားတွေကို မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းအားနှုတ်ဆိတ်ကာ စစ်ကောင်စီ အကြိုက် ဆောင်ပြီး သတင်းမှားများ ဖြန့်ဝေပေးခဲ့တယ်လို့လည်း IMJA ဆိုပါတယ်။

ထို့ကြောင့် စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်နဲ့ ကောင်စီအဖွဲ့ဝင်တွေကို လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) က လုံးဝ (လုံးဝ) အသိအမှတ်မပြုကြောင်း နဲ့ ကန့်ကွက် ရှုတ်ချကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

Photo-IMJA

ဆက်စပ် သတင်းများ

Most read