Homeပြည်တွင်းသတင်းစစ်ကောင်စီဟာ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ကို ပုံဖျက်ဝါဒါဖြန့်နေ

စစ်ကောင်စီဟာ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ကို ပုံဖျက်ဝါဒါဖြန့်နေ

၂၂ ဇူလိုင်၊ ၂၀၂၄

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲအသိအမှတ်ပြုရေးနဲ့ အစိုးအရအဖြစ် အသိအမှတ်ပြုရေး၊ အကူအညီများရရေးအတွက် တရုတ်အစိုးရကို မျက်နှာချိုသွေး ဆက်ဆံနေကြပေမဲ့ စစ်ကောင်စီလော်ဘီတွေကတော့ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တရုတ်အစိုးရကိုပါ ပုံဖျက်ဝါဒဖြန့်တာတွေ လုပ်ဆောင်နေကြတယ်လို့ Burma Affairs & Conflict Study က သတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တိုက်ပွဲပြင်းထန်နေမှုအတွင်းမှာ စစ်ကောင်စီလော်ဘီတွေကတော့ ညီနောင်မဟာမိတ်တွေနဲ့အတူ တရုတ်စစ်သားတွေပါဝင်တိုက်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။ MNDAA က တိုက်ပွဲတွေအတွင်းမှာ တရုတ်အလံတွေ၊ တရုတ်စစ်သားတွေအသုံးပြုနေတယ်လို့ စွပ်စွဲမှုတွေရှိနေတယ်လို့ ဇူလိုင်လ ၂၁ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်တပ်တွေဟာတရုတ်နောက်လိုက်အဖွဲ့တွေ၊ တရုတ်အလိုကျ မြန်မာပြည်ကို ကျူးကျော်တိုက်ခိုက်သူတွေအဖြစ် ပုံဖော်ခဲ့ပြီး စစ်ကောင်စီသတင်းစာပါ ဆောင်းပါးအချို့ကလည်း ရှမ်းမြောက်ကစစ်ပွဲတွေကို ခေတ်သစ်ကိုလိုနီပြုမှုအဖြစ် အထင်ရောက်အောင်ပုံဖော်နေတာတွေ့ရတယ်လို့ဆိုပါတယ်။

တဖက်မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တရုတ်သံတမန်အဖွဲ့ကို မကြာခဏတွေ့ဆုံနေရသလို ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း တရုတ်သွားပြီး အကူအညီတောင်းရ၊ ရွေးကောက်ပွဲအသိအမှတ်ပြုရေး အတွက် သွားရောက်တွေ့ဆုံရတဲ့ ခရီးစဉ်တွေရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ မြောက်ပိုင်းက တိုက်ပွဲတွေရပ်ဖို့ ပထမအကြိမ်မှာလည်း တရုတ်အားကိုးခဲ့ရသလို အခုလည်း အားကိုးနေရဆဲဖြစ်ပါတယ်။ ယခင်ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးမှာလည်း စစ်တပ်ဟာ စစ်တပ်လော်ဘီတွေကတဆင့် တရုတ်အကျိုးစီးပွားတွေကို ခြိမ်းခြောက်တာ၊ တရုတ်ဟာ အိမ်နီးချင်းကောင်းမပီသတဲ့ နိုင်ငံအဖြစ် ဝေဖန်တာ၊ တရုတ်လူမျိုးတွေနဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေအကြားအမုန်းတရားဖြန့်တာ၊ တရုတ်အစိုးရ နဲ့ တော်လှန်ရေးတပ်တွေကြား အထင်မြင်လွဲမှားစရာ သတင်းအမှားတွေဖြန့်တာ စတဲ့ ဝါဒဖြန့်မှုတွေကို အင်တိုက် အားတိုက်ပြုလုပ်ခဲ့ဖူးပါတယ်။

စစ်ကောင်စီလော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇူလိုင် ၆ မှ ဇူလိုင် ၁၂ စောင့်ကြည့်ကာလ အတွင်း လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဦးတည်ဝါဒဖြန့်ပို့စ် ၂၇၀ ကျော်ရှိခဲ့ပြီး လာရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ MNDAA ကို ပို့စ်ပေါင်း ၁၀၆ခုနဲ့ ဦးတည်ဝါဒဖြန့်မှု အများဆုံး ပြုလုပ်ခဲ့ပါတယ်။ နောင်ချိုမြို့ကို ထိန်းချုပ်နေတဲ့ TNLA ကိုတော့ ပို့စ်ပေါင်း ၈၆ ခုနဲ့ ဒုတိယအများဆုံး ဝါဒဖြန့်ခဲ့ပြီး တတိယနေရာက အာရက္ခတပ်တော် AAရဲ့ ပို့စ် ၄၁ ခုနဲ့ ထက်ဝက်ကျော်ပိုများခဲ့တာကို တွေ့ရပါတယ်။ ဒါဟာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက သိမ်းပိုက်မှုတွေဟာ အရှိန်အဟုန်မြင့်မားနေပြီး အခြားသတင်းတွေထက်စာရင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စစ်ရေးရလဒ်တွေက လက်ရှိအချိန်မှာ လူစိတ်ဝင်စားမှုမြင့်တတ်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

စစ်ကောင်စီလော်ဘီတွေရဲ့ ဝါဒဖြန့်ခြင်းဆိုင်ရာ သတင်းအချက်တွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရမ် ချန်နယ်တွေထဲက လူပုဂ္ဂိုလ်အမည်ခံ ချန်နယ် ၆ ခု နဲ့ သတင်းဌာနအမည်ခံ ချန်နယ် ၆ ခု က ဝါဒဖြန့်သတင်းတွေကို BACS က နေ့စဉ်စောင့်ကြည့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read