Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ဆရာတော်၊ သံဃာတော်တွေ ဝင်မကူဖို့ သံဃသမဂ္ဂ သတိပေး

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ဆရာတော်၊ သံဃာတော်တွေ ဝင်မကူဖို့ သံဃသမဂ္ဂ သတိပေး

၂ အောက်တိုဘာ၊ ၂၀၂၄

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနေတဲ့ကိစ္စတွေမှာ ဆရာတော်၊သံဃာတော်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဖို့ သံဃသမဂ္ဂ(မန္တလေး)က အောက်တိုဘာ ၂ ရက်က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာ ၃၀ကစပြီး သံဃာတော်တွေကို သန်းခေါင်စာရင်း စတင် ကောက်ယူနေပြီး မြို့နယ်အလိုက်ဆက်ပြီး ကောက်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ လူပုဂ္ဂိုလ်တွေကို စာရင်းကောက်ယူမဲ့ အကြောင်းနဲ့ အဆင်ပြေအောင် ကျောင်းထိုင်ဆရာတော်တွေက ပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အစည်း(မဟန)က မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်ကို စက်တင်ဘာ ၂၈ ရက်က စာထုတ်ပြန် ညွှန်ကြားထားပါတယ်။

မဟနအဖွဲ့အစည်းရဲ့ စာထုတ်ညွှန်ကြားချက်ကို သံဃသမဂ္ဂ(မန္တလေး)က အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

သံဃသမဂ္ဂ(မန္တလေး)ရဲ့ ထုတ်ပြန်စာထဲမှာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဌာန်းကြေညာပြီး နိုင်ငံတဝန်း ပေါ်တာဆွဲတာ၊ စစ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်တာတွေကို လုပ်တဲ့အပြင် အာဏာတည်မြဲဖို့အတွက် အရပ်သားပြည်သူတွေရဲ့ လူသားအရင်းအမြစ်တွေကို ဆုံးရှုံးစေတယ်လို့ ဖော်ပြပါတယ်။

မဟနအဖွဲ့ရဲ့ ထုတ်ပြန်ညွှန်ကြားချက်ကို ဓမ္မကို မြတ်နိုးတန်ဖိုးထားတော်မူတဲ့ ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဖို့နဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချဖို့ လိုအပ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး)က ဆိုပါတယ်။

စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် အောက်တိုဘာလ ၁ ရက်ကစပြီး စစ်အင်အား၊ ရဲအင်အားအပြည့်သုံးကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူဝင်မှုဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ သံဃာတော် ဆရာတော်တွေကိုပါ ရပ်ကွက်အလိုက် ပူးပေါင်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ပုံစာ – သန်းခေါင်စာရင်းကောက်ယူရန် ခေါ်ယူစာ

Photo – CJ

ဆက်စပ် သတင်းများ

Most read