၁၃ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ပြီးနောက် ပြင်ဆင် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုကြောင်းနဲ့ ဖျက်သိမ်းကြောင်း NUG အစိုးရ က ဖေဖော်ဝါရီ ၁၃ ရက်မှာကြေညာပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်ပြီး အမှီအခိုကင်း တဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ အပြင် ပဲရစ်အခြေခံမူတွေနဲ့ ကိုက်ညီခြင်းမရှိပဲ စစ်အုပ်စုရဲ့ အလိုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက် ခံနေရတဲ့ ပြည်သူတွေ ဘက်ကို စိုးစဥ်းမျှရပ်တည်ထုတ်ဖော် ပြောကြားခြင်းမရှိပဲ စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်မှုတွေကို ရေငုံနှုတ်ဆိတ်နေခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို Global Alliance of National Human Rights Institute-GANHRI ကလည်း ပဲရစ်အခြေခံမူတွေနဲ့ မကိုက်ညီလို့ ရုတ်သိမ်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်အုပ်စုရဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း ကြေငြာလိုက်တာပါ။
နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းများအနေနဲ့လည်း အသိအမှတ်ပြု လက်ခံခြင်း၊တွေ့ဆုံခြင်း၊ အစည်းအဝေးတွေကို ဖိတ်ကြားခြင်းများ မပြုလုပ်ရန် ဖို့ NUG က တိုက်တွန်းထားပါတယ်။