၁ ဖေဖေါ်ဝါရီ ၊ ၂၀၂၅
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာရူံချပြီး မြန်မာပြည်သူတွေနဲ့ အတူတသားတည်း ဆက်လက် ရပ်တည်သွားမယ်လို့ အမေရိကန်အပါအဝင် ၉ နိုင်ထုတ်ပြန်က စစ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့ ဒီကနေ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ကိုလည်း ယူကေ၊ အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ နဲ့ ဆွစ်ဇာလန်နိုင်ငံ တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။
မြန်မာစစ်အာဏာရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ နဲ့ ကျား/မအခြေပြုအကြမ်း ဖက်မှုတွေ၊ ဘာသာရေး နဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်မှု နဲ့ ခွဲခြားဆက်ဆံမှုတွေ အပါအဝင်အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချတယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၅ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေမှာ အာဏာသိမ်းပြီးတဲ့အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံ သို့မဟုတ် ၁၉.၉ သန်းကျော်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့တွေကို လိုအပ်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
ဆက်လက်ပြီး ခန့်မှန်းခြေ ပြည်သူ ၁၅.၂ သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှုလိုအပ်လျက်ရှိနေပြီး တားဆီးနိုင်တဲ့ ရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရေး နဲ့ အကြမ်းဖက်မှုနှင့် နှိပ်စက် ညှင်းပန်းမှုတွေကို တားဆီးကာကွယ်ရေးတို့ကို မိမိတို့အနေနဲ့ အလေးပေးပြောကြားလိုတယ်လို့လည်း ဆိုပါတယ်။
မိမိတို့အနေနဲ့ မြန်မာပြည်သူတွေ နဲ့ အတူ တသားတည်းဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး ၄င်းတို့ ရည်မျှော်သော အားလုံးပါဝင်ပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ အနာဂတ်ဖြစ်ပေါ်လာရေးကိုလည်း ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo -U.S Embassy