Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုမှာ ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၉ဦးသေဆုံး

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုမှာ ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၉ဦးသေဆုံး

၃၀ ဇူလိုင်၊၂၀၂၄

ကျိုက်ထိုမြို့နယ်အတွင်းက လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုရဲ့ ထုတ်ပြန်လာမှုအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ရက်က စစ်ကောင်စီ အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းမှ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်တွေထဲကို လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့ရာ သိပ်ဇရပ်ရွာလေး ရပ်ကွက် (၇)လမ်းတွင်နေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ ကိုယ်ဝန်လေးလလွယ်ထားရတဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဇူလိုင် ၂၃ရက်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီးကို စစ်ကြောင်းထိုး တဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကျိုက်ထို မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရွှေတွင်းလုပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးထိခိုက်သူတွေဟာ ရွှေတွင်းအလုပ်သမားတွေဖြစ်ပြီး ကျောက်တန်းလေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွား နေတာကြောင့် မြို့ကို တိမ်းရှောင်ဖို့ ထွက်လာစဥ် ပျဥ်းကတိုးကုန်းရွာအရောက် လက်နက်ကြီး ထိမှန် ခဲ့ခြင်း ဖြစ်တယ်လို့ KNU က ဖော်ပြပါတယ်။

ကျိုက်ထိုမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမှတ်-(၆၀၂) ဒုံးတပ်ရင်းက ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုး ကုန်းရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး(ဟောင်ဝစ်ဇာ) လေးလုံး ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ (၇)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့တယ်လို့ KNUရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်အပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်းရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ယခုနှစ်ဝက်အတွင်း ဒေသခံ ပြည်သူ ၁၃၀ ဦးကျော်သေဆုံးကာ ၄၃၀ကျော် ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

Photo- KNU

ဆက်စပ် သတင်းများ

Most read