စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်းက
ကျောက်မဲနဲ့ သီပေါမြို့ကိုလေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံရနေ သိရပါတယ်။
အဲ့ဒီစစ်ရှောင်တွေဟာ ကျောက်မဲမြို့ အပြင်ဘက် နောက်ပိန်တိုက်နယ်ဘက်ကဘုန်းကြီးကျောင်း တစ်ကျောင်းကိုစစ်ရှောင်နေကြရတယ်လို့ဆိုပါတယ်။
“စစ်ရှောင်က ဟိုအရင် လားရှိုးတိုက်ပွဲတုန်းဖြစ်တုန်းက ဒေသမှာမတည်ငြိမ်မှုရှိနေတဲ့ စစ်ရှောင်အချို့ရှိနေသေးတယ်။အခုတော့ ပိုများလာတယ်။ မနက်ဖြန်တော့ စစ်ရှောင်တွေလိုအပ်တာကို သွားလှူဖို့ရှိပါတယ်”လို့ ဆိုပါတယ်။
လတ်တလောအခြေအနေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာအချိန်အခါမရွေး ဖြစ်တာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်တာမျိုးတွေရှိနေတဲ့အတွက် ဘေးလွတ်ရာကြိုတင်ရှောင်းတိမ်းနေကြတာဖြစ်တယ်လို့သိရပါတယ်။
ဒေသတွင်း ငွေကြေးတတ်နိုင်သူတွေက
လားရှိုး၊ မိုင်းရယ်နဲ့တောင်ကြီးမြို့တွေအထိ စစ်ရှောင်တိမ်းလာကြပြီး၊ ငွေကြေးမတတ်နိုင်သူတွေကတော့ မြို့နဲ့အနီးဆုံးတိုက်ပွဲလွတ်ရာ နောင်ပိန်တိုက်နယ်ထဲက ကျေးရွာအချို့မှာ ယာယီခိုလှုံနေကြတာဖြစ်တယ်လို့ သိရပါတယ်။
TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့စွန် ရပ်ကွက်အချို့ထဲကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA စစ်ရေးသတင်းရင်းမြစ်အချို့ထံက သိရပါတယ်။
ဒေသတွင်း ခရီးသွားလာရေးမှာလည်း ကျောက်မဲနှင့် နောင်ချိုကြား ဂုတ်တွင်းလမ်းပိုင်းက ဖြတ်သန်းသွားလာခွင့်ပိတ်ထားရာကနေ ဇူလိုင်လ ၁၀ ရက်နေ့မှာ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခဲ့လိူက်ရပါတယ်။
ဒါကြောင့် မန္တလေး -ရှမ်းမြောက် ခရီး သွားတွေ ရှမ်းတောင် တောင်ကြီးဘက်လမ်းပိုင်းတွေကနေ ပတ်သွားနေကြရတယ်လို့ သိရပါတယ်။
လာမယ့် ဩဂုတ်လထဲမှာ TNLA နဲ့ စစ်ကောင်စီတို့အကြား ထပ်မံတွေ့ဆုံမယ့်ဆွေးနွေးပွဲမတိုင်မီ စစ်ကောင်စီတပ်ကဆွေးနွေးမှုအသာစီးရဖို့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေကို စစ်ကောင် စီတပ်က ရက်ဆက်နီးပါးလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်။
ဓာတ်ပုံ-Taungpaw tarlay


