စစ်ကောင်စီရဲ့အမည်ပျက်စာရင်းကြေ ညာချက်မှာ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သူရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ ဇနီး၊ သားသမီးတွေကိုပါ အမည်ပျက်သူများအဖြစ် ကြေညာလိုက်တာဖြစ်ပါတယ်။
ဒါအပြင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူရဲ့ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီနဲ့ သူရဲ့ စီးပွားရေးတာဝန်ခံ ဆိုသူ စောမင်းမင်းဦးတို့ကိုပါ အမည်ပျက် စာ ရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၁ ရက်က ကြေညာခဲ့တဲ့ စစ်ကောင်စီရဲ့ ပို့ကုန်ရငွေ နိုင်ငံခြားငွေ မပေးသွင်းတဲ့ ပို့ကုန်/သွင်းကုန် ကုမ္ပဏီ ၁၉၇ ခုနဲ့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်းတင်သွင်းရာမှ စောချစ်သူတို့ မိသားစုပါဝင်လာတာဖြစ်ပါတယ်။
စစ်ကောင်စီက အမည်ပျက်စာရင်း ကြေညာလိုက်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ (ခ)စံမြင့်တွင် သား ၂ ဦး၊ သမီး ၁ ဦး ရှိပြီး ဇနီးဖြစ်သူမှာ နန်းခင်လှသူကာ စောချစ်သူရဲ့ သား ၂ ဦးမှာ BGF ဗိုလ်မှူး စောထူးအယ်မှူး အသက် ၃၂ နှစ်၊ ဗိုလ်မှူး စောချစ်ချစ်၊ အသက် ၂၈ နှစ်နဲ့ သမီး နန်းနှင်းနန္ဒာအေး အသက် ၂၆ နှစ်တို့ဘဲဖြစ်ပါတယ်။
စစ်ကောင်စီက စောချစ်သူနဲ့အတူ အမည်ပျက်စာရင်း ကြေညာလိုက်တဲ့ ဗိုလ်မှူး ကြီး စောမင်းမင်းဦး ဟာ BGF စီးပွားရေးလုပ်ငန်းတွေမှာ အဓိက ဦးဆောင်တာဝန်ယူကိုင်တွယ်နေတဲ့ သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အမည်ပျက်စာရင်း ကြေ ညာခံရသူတွေဟာ ပို့ကုန်သွင်းကုန်ဆိုင်ရာ ဥပဒေ တားမြစ်ချက်တွေ ဖောက်ဖျက်ကျူးလွန်သူတွေဖြစ်တာကြောင့် FEML ပုဒ်မ ၄၂-က အရ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ စစ်ကောင်စီ ရဲ့ ပြဌာန်းချက်မှကြေညာ ထားပါတယ်။


