၄ နိုဝင်ဘာ၊ ၂၀၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကိုးပင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သက်ကြီးပိုင်း ဘိုးဘွားနှစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုဝင်ဘာလ ၃ ရက် နေ့လည်ပိုင်းမှာ မတ္တရာနယ်၊ ကိုးပင်ကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွာထဲရှိ အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
“အစက ဒရုန်းနဲ့ ပတ်ပြီး ကြည့်တာ ၊ ပြီးတော့မှ လက်နက်ကြီးနဲ့ ပစ်တာ ၊ မတ္တရာမြို့ဘက်ကလည်း ပစ်တယ်။ တောက်လျှောက် ဒီဘက်ကို ဝိုင်းပြီး ပစ်ကြတာ၊ ရွာထဲကလူတွေကတော့ ရှောင်နေကြတာပဲ။ မပြေးနိုင်တဲ့ သက်ကြီးပိုင်းတွေနဲ့ ရောဂါသည်တွေ ထိခိုက်ကုန်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက်က အခု ဖြစ်ပွားတဲ့ ကိုးပင်ကျေးရွာအနီးက အောက်ကင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့အတွက် နေ့တိုင်း နီးပါး မြစ်ကြောင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုလုပ်တာ၊ ဒရုန်းသုံးပြီး ဗုံးကြဲတာတွေ လုပ်နေတဲ့အတွက် ဒေသခံတွေ လူထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။