Homeပြည်တွင်းသတင်းစစ်ကောင်စီနဲ့ တိုက်ပွဲသတင်းတွေ AA ထုတ်ပြန်

စစ်ကောင်စီနဲ့ တိုက်ပွဲသတင်းတွေ AA ထုတ်ပြန်

၂၁ ဇန်နဝါရီ၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့အနီးတစ်ဝိုက်မှာ တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာတွေနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်း၊ ရေကြောင်းကလည်း နေ့စဉ်နေ့တိုင်း ရမ်းသမ်းပစ်ခတ်နေကြောင်း AA က ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်မှာ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာက တစ်ဖက်ကမ်းက ဝါဘိုကျေးရွာအတွင်းကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဝါဘိုကျေးရွာအတွင်းက အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် အမ်း၊ တောင်ကုတ်၊ ဂွမြို့ တွေက စစ်စခန်းအားလုံးကို လက်လွှတ်လိုက်ရပြီးနောက် ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်နေတဲ့ ရိုးမတောင်တန်း နဲ့ ရခိုင်-ပဲခူးအစပ်၊ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့မှာ အကြမ်းဖက်စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် AA တို့ဟာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ဖော်ပြပါတယ်။

အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီးမှာ အပြန်အလှန် ထိုးစစ်၊ ခံစစ်တွေနဲ့အတူ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာ တစ်ပတ်ကျော်ပြီလို့ ဆိုပါတယ်။

တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းတွေ၊ မကွေး၊ ကပစတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ရန်သူ့ တပ်ရင်းတွေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်ထဲက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ AA က ပြောဆိုထားပြီး ရန်သူစစ်ကောင်စီတပ်ဟာ အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် အကျအဆုံးများပြားစွာနဲ့ ဆုတ်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တစ်ပတ်ကျော်တိုက်ပွဲကာလအတွင်းမှာ ရန်သူ့အလောင်းအမြောက်အမြားနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကို သိမ်းဆည်းရမိခဲ့ပြီး ရန်သူသုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

ရခိုင်-ဧရာဝတီတိုင်း အစပ်က နေရာတချို့၊ ပွိုင့် (၃၆၉) ကုန်းနဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာ AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲထိတွေ့ဖြစ်ပွားနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ပုံစာ – တစ်ပတ်ကျော်ကြာတိုက်ပွဲအတွင်းရရှိထားတဲ့ လက်နက်နဲ့သုံ့ပန်းများ

ဓာတ်ပုံ – AA Info Desk

ဆက်စပ် သတင်းများ

Most read