၂၀ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာစစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့ စနေနေ့က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့မှာပြောကြားလိုက်ပါတယ်။
နှစ်ဖက် အဖွဲ့တွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး မြှင့်တင်ရေး ကြိုးပမ်းမှုအတွက် ပေကျင်းကို ကျေးဇူးတင်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က တနင်္လာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေကို တည်ငြိမ်အေးချမ်းစေတာက မြန်မာနဲ့ ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်ပြီး တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါတယ်” သူကပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ပေးဖို့ ရှိနေတယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ပုံစာ- ကိုးကန့်တပ် MNDAA ခေါင်းဆောင်များကိုတွေ့ရစဉ်
Photo – MNDAA