၁၂ ဇူလိုင် ၂၀၂၅
စစ်ကောင်စီအပေါ်ထားတဲ့ အမေရိကန်ရဲ့ မှုဝါဒက အပြောင်းအလဲ မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တဦးက ပြောကြားတယ်လို့ ဘီဘီစီရဲ့ သတင်းမှာဖော်ပြပါတယ်။
အမေရိကန်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့အကြား အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး အပြန်အလှန်စာပေးပို့နေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက “စစ်အစိုးရဟာ အကြမ်းဖက်မှုတွေကိုရပ်ပြီး မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုဖို့နဲ့ အတိုက်အခံအုပ်စုတွေနဲ့ စစ်မှန်တဲ့စေ့စပ်ဆွေးနွေးမှုတွေစတင်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေအတိုင်းပဲ”လို့ ပြောတယ်လို့ ဖော်ပြလာတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင်ဆီကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာနိုင်ငံကနေ အမေရိကန်ဆီ ပို့ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ့် အကြောင်းစာပေးပို့ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီပြန်ရေးတဲ့ စာထဲမှာ အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိပဲ ကောက်ဖို့နဲ့ စီးပွားရေးပိတ်ဆို့ထားတာတွေ ရုတ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။
အခွန်ကိစ္စအကြောင်းပြပြီး စစ်ခေါင်းဆောင်က အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ဆောင်နေပေမယ့် အမေရိကန်ကတော့ စစ်အာဏာရှင်ကို မထောက်ခံတဲ့ မှုဝါဒပဲ ဆက်ရှိနေမယ်လို့ ဆိုလာတာဖြစ်ပါတယ်။


