မြန်မာမှာ စစ်အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီကိုအစည်းအဝေးတက်ခွင့်ပိတ်ပင်ထားတဲ့ အာဆီယံဟာ ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်ခွင့်ပေးပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးကို ဒီကနေ့မှာ အွန်လိုင်းကတဆင့်ပြုလုပ်ခဲ့ပါတယ်။
အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့်နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးရုံးထိခိုက်
ပျက်စီးသွားတာမို့ ရုံးထဲထိုင်ပြီးအစည်းအဝေးမတက်ရောက်နိုင်ခဲ့တဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်နောက်ပိုင်း ပထမဆုံးတက်ခွင့်ပြန်ရတဲ့ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးကို ရုံးရှေ့က မြက်ခင်းပြင်မှာပဲ စားပွဲတစ်လုံးချလို့ အွန်လိုင်းကနေအစည်းအဝေးတက်ခဲ့ရပါတယ်။
သူ့ရဲ့ နောက်က ရုံးအပျက်အစီးက ဆိုးဆိုးရွားရွားဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
ဒီကနေ့ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူး အရေးပေါ်အစည်းအဝေးကိုတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စုံစုံလင်လင်တက်ရောက်ကြပြီး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ ဖြစ်ခဲ့တဲ့ ငလျင်ဘေးသင့်ရာ ဒေသတွေကို လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
မတ်လ ၂၈ရက်က လှုတ်ခတ်ခဲ့တဲ့ ငလျင်ဟာ နေပြည်တော်က စစ်ကောင်စီရုံးအများစုကို ဆိုးရွားစွာပျက်စီးစေခဲ့ပြီး အလုပ်သမားအမြဲတမ်းအတွင်းဝန်အပြင် နိုင်ငံခြားရေးဝန်ထမ်းအချို့ သေကြေမှုတို့လည်း ဖြစ်ပေါ်ခဲ့ပါတယ်။