၁၀ ဖေဖော်ဝါရီ၊ ၂၀၂၅
အခြေခံလူတန်းစားတွေ အများဆုံးဝယ်ယူသုံးစွဲနေတဲ့ စားအုန်းဆီကို စစ်ကောင်စီထုတ်ပေးထားတဲ့ သမဝါယမစာအုပ်နဲ့ တစ်လကို သုံးပိဿာ ရောင်းချပေးနေရာက လက်ရှိမှာ တစ်လကို ၅၀ ကျပ်သားသာ ဝယ်ယူလို့ရတော့တယ်လို့ ရန်ကုန်မြို့ကအိမ်ရှင်မတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ သမဝါယမစနစ်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုပြီးတဲ့နောက်မှာ စားအုန်းဆီကို ဆီစာအုပ်တွေနဲ့ ရောင်းချပေးတာ ဖြစ်ပြီး ဒီစနစ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာဆန်းက စတင်ခဲ့တာဖြစ်ပါတယ်။
ဆီစာအုပ်နဲ့ဆီဝယ်ယူခွင့်ကို ၁၀ ရက်မှာတစ်ကြိမ်၊ တစ်ပိဿာနှုန်းနဲ့ ဆီရောင်းချပေးနေရာက တစ်လမှာ တစ်ကြိမ် ၅၀ ကျပ်သားပဲ ရောင်းချပေးတော့တာ ဖြစ်တယ်လို့ ဝယ်သူသုံးစွဲသူတွေဆီက သိရပါတယ်။
” အစကတော့ ၁၀ ရက်တစ်ကြိမ် ဆီတစ်ပိဿာက ပုံမှန်ဝယ်လို့ရနေတယ်။ ပြီးခဲ့တဲ့လကမှ သုံးကြိမ်ကနေ နှစ်ကြိမ်ကို လျှော့ရောင်းတယ်။ အခုတစ်ကြိမ်ပဲ ရောင်းပေးတော့တယ်။ အပြင်မှာကလည်း အလွယ်တကူဝယ်ယူလို့မရဘူး။ သူတို့ရောင်းပေးမှဝယ်ရတာ။ ဖုန်းနဲ့ဆက်မှာတော့လည်း တော်တော်နဲ့မရဘူး။ လာပို့တော့လည်း ဆီမပြည့်ဘူး” လို့ သာကေတမြို့နယ်တွင်နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ဆီဝယ်ခွင့်စာအုပ်တွေမှာပါတဲ့ စည်းကမ်းချက်တွေကတော့ ဆီစာအုပ်တွေကို တဆင့်ရောင်းချတာ၊ ပေါင်နှံတာတွေကို လုံးဝမပြုလုပ်ရဘဲ အိမ်ထောင်စုတစ်စုကို ဆီစာအုပ်တစ်အုပ် ရရှိတာဖြစ်ပါတယ်။
အပြင်မှာတော့ စစ်ကောင်စီ သတ်မှတ်ပေးထားတဲ့ ရည်ညွှန်းဈေးထက် နှစ်ဆပိုပေးပြီးဝယ်ယူနေရတာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်ပကနေစားအုန်းဆီတင်သွင်းမှုကို လာမယ့်နှစ်ကစပြီး လျှော့ချသွားမယ်လို့ ကာလုံအစည်းအဝေးမှာပြောကြားထားပါတယ်။
နိုင်ငံအတွင်း တစ်လလျှင် စားသုံးဆီ တန်ချိန် ၇၅,၀၀၀ ခန့် လိုအပ်ပြီး ထက်ဝက်ကို ပြည်ပက ထက်ဝက် တင်သွင်းနေရပြီး ကျန်လိုအပ်ချက်ကို ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများမှကနေ ဖြည့်တင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – စားအုန်းဆီ ဝယ်ယူဖို့ တန်းစီနေကြသူများ
ဓာတ်ပုံ – NDM