၁၉ ဇန်နဝါရီ၊ ၂၀၂၅
ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းမှာ အာရက္ခတပ်တော် AA က စစ်ပွဲတွေအတွင်း လက်ရဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက် ညနေပိုင်းမှာ မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်က စစ်ကောင်စီသုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားရှိတဲ့နေရာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ညနေ (၄) နာရီ (၄၅) မိနစ်မှာ တစ်ကြိမ်၊ (၄) နာရီ (၄၆) မိနစ်မှာ တစ်ကြိမ်နဲ့ (၄) နာရီ (၄၇) မိနစ်မှာ တစ်ကြိမ် (၃) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေထဲက တချို့က အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ AA က ထုတ်ပြန်ကြေညာထားပါတယ်။
အခု ဗုံးကြဲခံရလို့ သေဆုံး/ဒဏ်ရာရရှိတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေဖြစ်ပြီး မကြာခင် အချိန်ကာလတစ်ခုမှာ ပြန်လည်လွှတ်ပေးဖို့ စီစဉ်ထားပြီး ယာယီထိန်းသိမ်းထားတာ ဖြစ်တယ်လို့ AA က ဆိုပါတယ်။
နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဈေးတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေ နှင့် လူနေထူထပ်တဲ့နေရာတွေကို ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ကျူးလွန်နေကြကြောင်း AA က သတိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ လေကြောင်းရန် နဲ့ လေကြောင်း အန္တရာယ်ကို အရင်ကထက် ပိုပြီးသတိထားဖို့နဲ့ အင်တာနက်၊ ဖုန်းသုံးစွဲမှုတွေကို သတိထားသုံးစွဲဖို့လည်း AA က တိုက်တွန်းပြောဆိုထားပါတယ်။
ဓာတ်ပုံ – AA Info Desk