လားရှိုးမြို့ထဲကို ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဝန်ထမ်းတွေကို “ဝ” တပ်ကကိုးကန့်တပ်နဲ့ပူးတွဲပြီး ဟိုယဂိတ်မှာ ရှေ့ပြေးလုံခြုံရေးယူပေးနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် လားရှိုးပတ်ပတ်လည်ဖြစ်တဲ့ မိုင်းရယ် – ဟိုယ – နောင်မွန်လမ်းတွေကို ယာယီပိတ်ထားခဲ့ပြီး တချို့မှာပြန်ဖွင့်နေတယ်လို့ သိရပါတယ်။
အခု ဧပြီ ၂၀ ဝန်းကျင်မှာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေဟာ လားရှိုးမြို့ထဲကို ပြန်ဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း ကိုးကန့်တပ်နဲ့ “ဝ” တပ်ပူးတွဲပြီး ရှေ့ပြေးလုံခြုံရေးယူပေးနေတာ ဖြစ်ပါတယ်။
ကိုးကန့်တပ် – MNDAA အနေနဲ့က လားရှိုးမြို့ပြင်တွေဖြစ်တဲ့ မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ် နဲ့ မိုင်းရယ် – ဟိုယ၊ နမ့်ပေါင်တွေဘက်မှာ ပုံမှန်အတိုင်း စခန်းထိုင်မှာဖြစ်ပြီး မြို့ပြင်ကနေ ဆုတ်ခွာသွားဖို့တော့ မရှိဘူးလို့ ဒေသခံတွေက သုံးသပ်ပါတယ်။
လက်ရှိမှာတော့ ဧပြီ ၁၈ ရက်မနက်ပိုင်းကစပြီး လားရှိုး – သီပေါလမ်းနဲ့ ပတ်ပတ် လည်ဂိတ်တွေဖြစ်တဲ့ မိုင်းရယ် – ဟိုယ – နောင်မွန်လမ်းတွေ ယာယီပိတ်ထားခဲ့ပြီး တချို့မှာပြန်ဖွင့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ လားရှိုးကို MNDAA ကထိန်းချုပ်ထားပေမယ့် မူဆယ်ကိုတော့ စစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေကပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAAပူးပေါင်းတပ်က ၂၀၂၄ သြဂုတ်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ထားတာဖြစ်ပါတယ်။
တရုတ်ရဲ့ဖိအားပေးမှုကြောင့် MNDAA က လားရှိုးကို စစ်ကောင်စီကိုပြန်ပေးလိုက်တာဖြစ်ပါတယ်။ MNDAA ဟာ ဧပြီ ၂၁ ရက်မှာ လားရှိုးမြို့ပေါ်က ဆုတ်ခွာရမှာဖြစ်ပြီး အလုံးစုံထုတ်ခွာမှာမဟုတ်ဘဲ ၎င်းတို့တပ်တွေကျန်ရှိနေဦးမယ်လို့ MNDAA ဘက်ကနေသိရပါတယ်။
ဓါတ်ပုံ – UWSA