Homeအထူးသတင်းစစ်ကောင်စီက DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းတစ်ဦးကို ထောင်ဒဏ်ငါးနှစ်စီ ချမှတ်

စစ်ကောင်စီက DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းတစ်ဦးကို ထောင်ဒဏ်ငါးနှစ်စီ ချမှတ်

၂၉ ဇွန်၊၂၀၂၄

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီရဲ့ စစ်တွေမြို့နယ်တရားရုံးက ဇွန်လ ၂၈ ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်တယ်လို့ DMG သတင်းဌာရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စစ်တွေ အမှတ် (၁) ရဲစခန်း ရဲအုပ် ဗိုလ်ဗိုလ်ကျော်က တရားလိုလုပ် အမှုဖွင့်ထားတဲ့ အမှုတွဲမှာ သူတို့နှစ်ဦး အပြင် DMG ဝန်ထမ်း ၁၈ ဦးလည်း ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ခံထားပြီး တရားခံပြေးတွေအဖြစ် သတ်မှတ်ခံ ထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DMG သတင်းထောက် ကိုထက်အောင်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာ ကွင်းမှာ သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံ ရိုက်ကူးနေစဉ် ဖမ်းဆီးခံခဲ့ရ တာဖြစ်ပြီး အဲဒီနေ့မှာပဲ DMG ရုံးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ ညစောင့် ဝန်ထမ်း ကိုစိုးဝင်း အောင်ကို ဖမ်းဆီးခဲ့သလို ပစ္စည်းအားလုံး သိမ်းဆည်းခံရပြီး ရုံးလည်း ချိပ်ပိတ် ခံခဲ့ရတာပါ။

သူတို့နှစ်ဦးဟာ ဖမ်းဆီးခံရပြီးနောက် ရှစ်လအကြာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို DMG ဝန်ထမ်းနှစ်ဦးကို မတရား ထောင်ဒဏ်ချမှတ်လိုက်တဲ့ပေါ် ကန့်ကွက်ရှုတ်ချ ကြောင်းနဲ့ နိုင်ငံတစ်ဝန်းမှာ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံး လွှတ်ပေးဖို့အတွက် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီကို ဖိအားပေးဖို့ တိုက်တွန်းဖို့လည်း တောင်းဆို ထားပါတယ်။

ဆက်စပ် သတင်းများ

Most read