Homeပြည်တွင်းသတင်းစစ်ကောင်စီက လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်မှုအဖွဲ့ ဖွဲ့ခဲ့ကြောင်း သတင်းထွက်ပေါ်

စစ်ကောင်စီက လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်မှုအဖွဲ့ ဖွဲ့ခဲ့ကြောင်း သတင်းထွက်ပေါ်

၁၉ ဩဂုတ်၊ ၂၀၂၄

စစ်ကောင်စီက ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်နိုင်ဖို့ရည်ရွယ်ပြီး လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

ဩဂုတ်လ ၁၆ ရက်မှာ လူမှုကွန်ယက်တွေပေါ်ပျံ့နှံ့လာတဲ့အဲဒီအမိန့်ကြေညာစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တရားဝင်အတည်ပြုထားတာမျိုးမရှိပေမဲ့ ဒီအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တာဝန်ပေးအပ်ထားပြီး ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တာဝန်ယူဆောင်ရွက်ရမယ်လို့ဖော်ပြထားပါတယ်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ရဲ့ အဓိက တာဝန်တွေကတော့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွေ အဆင့်ဆင့်ဖွဲ့စည်းပြီး ကြီးကြပ်ကွပ်ကဲဖို့ ၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းဖို့နဲ့ လက်နက်တပ်ဆင်တာကို ကြီးကြပ်ကွပ်ကဲဖို့၊ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲပေးဖို့လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိဆင်နွှဲနေတဲ့တိုက်ပွဲတွေနဲ့ကိုက်ညီမယ့်ရှေ့တန်းတာဝန်၊ နောက်တန်းတာဝန်၊ လက်နက်တပ်ဆင်တာဝန်၊ ထောက်ပို့တာဝန်အပြင် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ပေးဖို့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ဆောင်ရွက်သွားရမယ့်အကြောင်း အခုထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီ MOI

ဆက်စပ် သတင်းများ

Most read