Homeပြည်တွင်းသတင်းစစ်ကောင်စီက မတရားကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကိုဇေယျာသော်ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်

စစ်ကောင်စီက မတရားကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကိုဇေယျာသော်ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်

ဒီဇင်ဘာ၊ ၂၀၂၄

နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီက ကြိုးပေးကွပ်မျက်ခံရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဇေယျာသော်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာမြသော်ဟာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) မြန်မာသွားဘက်ဆိုင်ရာ ပါမောက္ခ ဒေါက်တာမြသော်ဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ကွယ်လွန်တာဖြစ်တယ်လို့ သိရှိရပါတယ်။

ဒေါက်တာမြသော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)ရဲ့ ကျန်းမာရေးကွန်ရက်အဖွဲ့ ဒုဥက္ကဋ္ဌ (၂) အဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ နှလုံးသွေးကြောကျဉ်းရောဂါရှိပြီး နှလုံးကို stent (ပြွန်) ထည့်ထားရသူဖြစ်ပါတယ်။

သွေးကြော သုံးချောင်းကျဉ်းတဲ့အတွက် stent သုံးချောင်း ထည့်ထားရသူဖြစ်ပြီး သားဖြစ်သူ ကိုဖြိုးဇေယျာ သော်ကို စစ်ကောင်စီက အကြမ်းဖက်မှုကျူးလွန်တယ်ဆိုတဲ့စွဲချက်နဲ့ ရန်ကုန်မြို့၊ အင်းစိန်ထောင်မှာ မိသားစုကိုအသိမပေးဘဲ ကွပ်မျက်ချိန်ကစပြီး ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read