Homeပြည်တွင်းသတင်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အတိုင်ပင်ခံရဲ့ ခြံအမှတ် ၅၄ ကို ဈေးထပ်မံလျှော့ချပြီး လေလံတင်ဖို့ အစ်ကိုဖြစ်သူ တရားရုံးမှာတင်ပြ

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အတိုင်ပင်ခံရဲ့ ခြံအမှတ် ၅၄ ကို ဈေးထပ်မံလျှော့ချပြီး လေလံတင်ဖို့ အစ်ကိုဖြစ်သူ တရားရုံးမှာတင်ပြ

၁၉ ဒီဇင်ဘာ၊ ၂၀၂၄

စစ်ကောင်စီက အာဏာသိမ်းဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ငွေကျပ် ၃၀၀ ဘီလျံကနေ ၁၀ဘီလျံလျှော့ချပြီး ၂၉၀ ဘီလျံနဲ့သာ ကြမ်းခင်းဈေးသတ်မှတ်ဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တင်ပြထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က တရားရုံးကြားနာမှုမှာ ငွေကျပ် ၂၉၀ ဘီလျံအစား ၂၉၇ ဘီလျံနဲ့ သတ်မှတ်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဦးအောင်ဆန်းဦးဘက်က တင်ပြထားတဲ့ အိမ်နဲ့ခြံအတွင်း ဝင်ရောက်ကြည့်ရှုခွင့်နဲ့ လေလံပွဲကို ခြံရှေ့မှာမလုပ်ဘဲ တရားရုံးမှာလုပ်ဖို့ တင်ပြလျှောက်ထားချက် ၂ ခုကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။

တတိယအကြိမ် လေလံပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ ငွေကျပ် ၂၉၇ ဘီလျံနဲ့ ကြမ်းခင်းဈေးဖွင့်ရောင်းချမယ်လို့ သိရပါတယ်။ ပထမအကြိမ်ကြမ်းခင်းဈေးက ၃၁၅ ဘီလျံ၊ ဒုတိယအကြိမ်ကြမ်းခင်းဈေးက ၃၀၀ ဘီလျံဖြစ်ပြီး အခုအကြိမ်မှာတော့ ၂၉၇ ဘီလျံနဲ့ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။

ခြံနံပါတ် ၅၄ ကိုရောင်းချခြင်းနဲ့ပတ်သတ်ပြီး အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ တွေ့ခွင့်မရသလို သိထားတဲ့အချက်အလက်တွေ မရှိတာကြောင့် ရှေ့နေနဲ့အမှုသည် တွေ့ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ၁၀ကြိမ်ထက်မနည်းတောင်းဆိုပြီး ပယ်ချခံထားရတယ်လို့ ရှေ့နေတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ရှေ့နေအဖွဲ့အပါအဝင် ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရတာ နှစ်နှစ်ပြည့်တော့မှာ ဖြစ်ပြီး သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရပါတယ်။ လက်ရှိမှာ အကျဉ်းချခံထားရတဲ့ တခြားသူတွေကို မိသားစုနဲ့တွေ့ဆုံခွင့်ပေးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအပါအဝင် မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီက ဆက်တိုက် ငြင်းပယ်နေတာ ဖြစ်ပါတယ်။

ပုံစာ – အမေရိကန်သမ္မတဘာရက်အိုဘားမား ခြံအမှတ် ၅၄ကို လာရောက်တွေ့ဆုံစဉ်

Photo – The Times

ဆက်စပ် သတင်းများ

Most read