စစ်ကောင်စီတပ်က စာသင်ကျောင်းတွေ၊ ဆေးရုံတွေ စတဲ့ လူစုလူဝေးရှိတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု ၊ ချိတ်ဆက်ပူးပေါင်းမှု နဲ့ ဖွင့်လှစ်သင်ကြားနေတဲ့ မြေပြင်က ကျောင်းတွေကို ယာယီပိတ်ထားဖို့ NUG ကထုတ်ပြန်ချက်နဲ့ ညွန့်ကြားထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို လေကြောင်းက ဗုံးကျဲတာ၊ စက်သေနတ်တွေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး လူသားတွေ အပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ် ဆိုးရွားစွာကျူးလွန်လျက် ရှိနေတယ်ဖော်ပြထားပါတယ်။
အဲဒီအတွက်ကြောင့် နိုင်ငံသားကောင်းရတနာ ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများနဲ့ ပြည်သူများ အသက် အန္တရာယ်ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်း မှုတို့ဖြင့် မြေပြင်မှာ ဖွင့်လှစ်ပညာသင်ကြားနေတဲ့ အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနဲ့ သက်မွေးပညာကျောင်းများအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီ ရပ်နားထားရန် ညွှန်ကြားလိုက်တယ်လို့ဆိုပါတယ်။
ဒီညွန့်ကြားချက်ဟာလည်း နောက်ထပ်ညွှန်ကြားချက် မထုတ်ပြန်ခင်ထိ အတည်ဖြစ်ရမယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။