၄ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ နေ့တိုင်း စစ်စရိတ်အများကြီးသုံးပြီး လေကြောင်းက ဗုံးကျဲတိုက်ခိုက်နေပေမယ့် နိုင်ငံခြားငွေလိုအပ်ချက်ကြောင့်ဆိုပြီးပြည်ပကနေ ဆေးဝါးတင်သွင်းခွင့်ကို ကန့်သတ်ထားတာကြောင့် သုံးစွဲသူဈေးကွက်အတွင်း နာတာရှည်ရောဂါသမားများအဓိကသောက်သုံးရတဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ ဆေးဝါးသုံးစွဲသူတွေထံကနေ သိရပါတယ်။
ပြည်တွင်းဆေးဝါးလိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရပြီး စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်တွေကြောင့် သွင်းကုန်တင်သွင်းမှုကို ထိန်းချုပ်ထားတာကြောင့် ဆေးမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆီးချို၊ ကျောက်ကပ်၊ သွေးတိုး၊ ပန်းနာရင်ကြပ် စတဲ့ ရောဂါတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေ ဝယ်မရတဲ့အထိ ပြတ်လပ်နေတာကြောင့် ဒီရောဂါသည်တွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။
“ဆီးချိုရောဂါသမားဆိုတော့ ဆေးကပြတ်လို့မရဘူး။ တောက်လျှောက်သောက်နေရတာ။ ဆေးကလည်းရတချက် မရတချက်။ ရတဲ့အခါကျတော့လည်း ဈေးကနှစ်ဆလောက်ပေးဝယ်ရတာ။ ပစ္စည်းကတော်တော်နဲ့ဝယ်မရတာ” လို့ဆီးချိုဆေးသောက်သုံးနေရသူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ဈေးကွက်ထဲမှာ ဆေးဝါးပြတ်လပ်မှုများနဲ့ ဆေးဈေးနှုန်းကြီးမြင့်မှုတွေဖြစ်ပေါ်နေတာကြောင့် ရောဂါကြောင့်ဆေးကို စွဲသောက်နေရတဲ့ နာတာရှည် လူမမာများအနေနဲ့ အခက်အခဲများနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွက် ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းများကို အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံကနေ အဓိက တင်သွင်းနေတာဖြစ်ပါတယ်။
လက်ရှိဈေးကွက်ထဲမှာအိမ်သုံးဆေးများဖြစ်တဲ့ အကိုက်အခဲပျောက်ဆေး၊ အာရုံ ကြောအားဆေး၊ ဒဏ်ကြေးလိမ်းဆေး စတဲ့ ဆေးများဟာလည်း ယခင်ထက် ဈေးနှုန်းများမြင့်တက်နေပါတယ်။
စစ်ကောင်စီက ပြည်ပဆေးဝါး ဝယ်ယူတင်သွင်းနေတဲ့ ကုမ္ပဏီတွေကို ပို့ကုန်ရငွေတင်ပြနိုင်မှသာ တင်သွင်းခွင့်ပြုထားတာဖြစ်ပါတယ်။