၁၃ ဇန်နဝါရီ၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းက ရွာတချို့မှာ စစ်ကောင်စီက အထိုင်ချတပ်စွဲထားပြီး ကန့်ဘလူမြို့နယ်အတွင်းက ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် မြို့နယ်နှစ်ခုက ဒေသခံ နှစ်သောင်းဝန်းကျင်ဟာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါယ်။
ဇန်နဝါရီ ၁၃ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှာ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းက အင်းမာရွာနဲ့ ဖလားရရွာတို့ကို ပင့်သာက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး စုစုပေါင်း အင်အား ၁၀၀ ဝန်းကျင်က မီးရှို့ဖျက်စီးနေကြတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်ကစပြီး ကျွန်းလှမြို့နယ် ကုက္ကိုကုန်းရွာနဲ့ အနီးအနားရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အထိုင်ချတပ်စွဲထားတာကြောင့် ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်က ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
“မြို့နယ် ၂ မြို့နယ်က ရွာ ၁၇ ရွာလောက်က ရှောင်နေရတာပါ။ ကန့်ဘလူနယ်ထဲက အင်းမနဲ့ ရှမ်းကုန်းဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။ ၁၁ ရက်နေ့ကလည်း ကန့်ဘလူ တည်ပင်ရွာမှာ PDF တွေ ထောင်တဲ့မိုင်း နင်းမိပြီး စစ်တပ်ဘက်က သေတာတွေ ရှိတော့ ခုရက်ပိုင်းပိုမဲမယ်ထင်တယ်”လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။
လတ်တလောမှာ စစ်ကောင်စီက ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေထဲက ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီးချတာတွေ ရှိနေတဲ့အတွက် ဒေသခံတွေဟာ ရွာထဲ မနေရဲဘူးလို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်ပြီး ဒရုန်းသုံးပြီး ဗုံးကြဲချတာတွေ ရှိခဲ့ပြီး ကုက္ကိုကုန်း၊ လွှတ်တိုက်၊ မဒေါင်နဲ့ ဆွဲလှဲရွာလေးရွာက နေအိမ် ၅၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပါတယ်။
ပုံစာ – ကန့်ဘလူတောင်ခြမ်းက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ဘုန်းကြီးကျောင်း
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့