Homeပြည်တွင်းသတင်းစစ်ကောင်စီကို နိုင်ငံတကာက ထိထိရောက်ရောက်အရေးယူဖို့ အာဏာသိမ်း၄ နှစ်ပြည့်မှာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ၄၆ ဖွဲ့က ပူးတွဲတောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာက ထိထိရောက်ရောက်အရေးယူဖို့ အာဏာသိမ်း၄ နှစ်ပြည့်မှာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ၄၆ ဖွဲ့က ပူးတွဲတောင်းဆို

၃၁ ဇန်နဝါရီ၊ ၂၀၂၅

ဖေဖော်ဝါရီ ၁ ရက်မှာ ကျရောက်တဲ့ စစ်ကောင်စီ တရားမဝင် အာဏာသိမ်းမှု ၄ နှစ်မြောက်ပြီဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ပေါင်း ၄၆ ဖွဲ့က ပူးတွဲတောင်းဆိုခဲ့ကြတယ်လို့ Fortify Rights က ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နေရာအနှံ့အပြားမှာ စစ်ရှုံးနေပေမယ့် အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လူ့အခွင့်အရေးတွေကို ဆက်လက်ချိုးဖောက်နေတယ်လို့လည်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး လူ ၆၀၀၀ ထက်မနည်းကို စစ်အစိုးရက သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၀၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး မတရားသေဒဏ်ချမှတ်မှုကွပ်မျက်မှုတွေလည်း တိုးလာတယ်လို့ ဆိုပါတယ်။

၃.၅ သန်းသော ပြည်သူတွေဟာ စစ်ဘေးရှောင်နေရပြီး လူ့အခွင့်အရေးအဖွဲ့အစည်းတွေက စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်နှိပ်စက်မှု၊ အကျဉ်းသားတွေကို ဆိုးဝါးစွာဆက်ဆံမှု ၊ ခွဲခြားဆက်ဆံတိုက်ခိုက်မှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ငြင်းပယ်ပြီး ခွင့်မပြုမှု၊ လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ်မှာ ဖိနှိပ်တဲ့ အကြမ်းဖက်မှုတွေဟာ ၂၀၁၇‌ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးနဲ့ကလေးတွေဟာ စစ်မျက်နှာနှစ်ဘက်ကြားပိတ်မိနေချိန် ဗုံးကြဲချခံပြီး သေဆုံးခဲ့ရပါတယ်။

တချိန်ထဲမှာပဲ စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ စစ်ရှုံးက အဆင့်မြင့်ရာထူးကြီးအရာရှိများနဲ့ မြို့များကို ဆုံးရှုံးခဲ့ရပြီး ဒီအဖွဲ့တွေဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းသိမ်းထားတဲ့နေရာတွေမှာတော့ဥပဒေသက်ရောက်မှုအနည်းငယ်ရှိစပြုနေပြီး ကျောင်းများ၊ ဆေးရုံများ၊ အုပ်ချုပ်ရေးရုံးများ၊ အကျဉ်းထောင်များ၊ ရဲစခန်းများနှင့် တရားရုံးများ စပြီး လည်ပတ်နေပါတယ်။

အဖွဲ့ ၄၆ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ “လက်နက်တင်ပို့မှုကို ပိတ်ဆို့ခြင်း၊ လေကြောင်းလောင်စာဆီ တင်ပို့မှုကို ဆိုင်းငံ့ထားရန်နှင့် သံသယရှိသူများကို တရားစွဲဆိုခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့အပါအဝင် နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ယန္တရားများကို ပံ့ပိုးပေးခြင်း” နဲ့ စစ်အစိုးရကို ဖိအားတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။

Fortify Rights မှ ဦးချစ်ဆိုင်းက “ကမ္ဘာ့ခေါင်းဆောင်တွေ မျက်စိမှိတ်ပြီး အဓိပ္ပါယ်ရှိတဲ့ အရေးယူမှု ပျက်ကွက်တာကြောင့် မြန်မာစစ်အစိုးရက အခုလို ဆက်ပြီးကျူးလွန်နေရဲတာ ဖြစ်ပါတယ်” လို့ ပြောဆိုလိုက်ပြီး “အခုအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး လွှဲပြောင်းပေးရမယ့် အခြေအနေ ၊ ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပြီး စစ်ကောင်စီရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် တာဝန်ခံဖို့ ရိုးရှင်းပြီး လိုအပ်သောခြေလှမ်းတစ်ခုဖြစ်တယ်” ထုတ်ဖော်ပြောဆိုထားပါတယ်။

ဓာတ်ပုံ – Getty Images

ဆက်စပ် သတင်းများ

Most read