စစ်ကောင်စီကို ယခင်ကထက် မဟာဗျူဟာမြောက်တဲ့ တော်လှန်ရေးလုပ်ငန်းစီမံချက်တွေနဲ့ စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်း တော်လှန်တိုက်ခိုက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို တအာင်းတပ်မတော် TNLA ကတိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီကအတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ ပြင်ဆင်နေပေမယ့် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုတွေရဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်တွေ၊ တပ်ရင်း တပ်ဖွဲ့တွေ စစ်ပွဲမှာ ကျရှုံးပြီး အဖက်ဖက်က ယိုယွင်းပျက်စီးချိနဲ့နေပြီဖြစ်တယ်လို့ TNLA က ပြောပါတယ်။
ဒီလို မြန်မာစစ်အာဏာရှင် ကျဆုံးလုနီးပါးဖြစ်နေတဲ့ အခြေအနေကောင်းကို အသုံးချကာ စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်း တော်လှန်တိုက်ခိုက်ကြဖို့ TNLA က ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမြို့၊ ရွာဒေသအသီးသီးက လူနေအိမ်၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဟိုတယ်/တည်းခိုခန်း၊ အလုပ်ရုံ စတဲ့ ပြည်သူလူထုတွေ နေထိုင်သွားလာလှုပ်ရှားရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တဲ့ မြန်မာစစ်ကောင်စီရဲ့နိုင်ငံတကာစစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လုပ်ရပ်ဆိုးတွေကို အမြန်ဆုံး ရပ်တန့်ဖို့ အတွက် ကူညီဆောင်ရွက်ပေးကြပေးဖို့ကိုလည်း ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရ တွေကို ပန်ကြားထားပါတယ်။
ပြည်သူလူထုကို ရန်သူသဖွယ် ရက်ရက်စက်စက် တိုက်ခိုက်ချေမှုန်းနေတဲ့ မြန်မာစစ်ကောင်စီရဲ့ဗုံးကြဲတဲ့ အန္တရာယ်တွေက လွတ်ကင်းနိုင်ဖို့ အတွက် တော်လှန်ရေးသတိနဲ့ နေထိုင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။
ဓါတ်ပုံ – TNLA


