၁၆ မတ် ၊ ၂၀၂၅
၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလကုန်အထိစစစ်ကောင်စီ အကြမ်းဖက်မှုကြောင့် အရပ်သား ၅၃၀၄ ဦး သေဆုံးပြီး၊ ၃၇၈၈ ဦး ဒဏ်ရာရခဲ့ကာ စုစုပေါင်း အရပ်သား ၉၀၉၂ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ Data for Myanmar ကဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်နဲ့ ကလေးခရိုင်တွေက အခြားခရိုင်တွေထက် အရပ်သား သေဆုံးမှု သိသိသာသာများပြီး စုစုပေါင်း ၄၅၂၉ ဦးရှိပါတယ်။
၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုတွေကြောင့် အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၁၁၂ ဦး နဲ့ အရပ်သား ဒဏ်ရာရသူ ပျမ်းမျှ ၈၀ ဦး ရှိနေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၁ဝ၇ ဦး ၂၀၂၂ ခုနှစ်အတွင်းမှာ အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၂၀၀ ဦး ၂၀၂၃ ခုနှစ်အတွင်းမှာ လစဉ် ပျမ်းမျှ ၉၀ ဦးနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လစဉ် ပျမ်းမျှ ၆၅ ဦး ရှိနေတာ ဖြစ်ပါတယ်။
၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းထဲက အရပ်သားသေဆုံးသူ စုစုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေကြောင့် ဖြစ်ပြီး ၂၁ ရာခိုင်နှုန်းကတော့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်တဲ့ ပေါက်ကွဲစေတဲ့ လက်နက်တွေကြောင့် ဖြစ်ပါတယ်။
မုံရွာ၊ စစ်ကိုင်း ရွှေဘို၊ ကန့်ဘလူ၊ မြင်းမှု၊ ခင်ဦး၊ ရေဦး၊ ဝက်လက်၊ ကလေးနဲ့ ချောင်းဦးမြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေက အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ သိသိသာသာများပါတယ်။
အကြမ်းဖက်မှုပုံစံအလိုက် အရပ်သားသေဆုံးမှုကိုကြည့်ရင် ၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းထဲမှာ အကြမ်းဖက်မှုတွေကြောင့် အရပ်သားသေဆုံးမှုရဲ့ ၇၃ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ ကြောင့်ဖြစ်ပြီး ၂၁ ရာခိုင်နှုန်းကတော့ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုစတဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်တဲ့ ပေါက်ကွဲစေတဲ့လက်နက်တွေကြောင့် ဖြစ်ပါတယ်။
အကြမ်းဖက်မှုပုံစံ အလိုက် အရပ်သားထိခိုက်သေဆုံးမှုကို လေ့လာကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၃၈၈၃ ဦးနဲ့ ဒဏ်ရာရသူ ၈၂၅ ဦး လက်နက်ကြီး ဒရုန်း၊ မိုင်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၁၁၇ ဦးနဲ့ ဒဏ်ရာရသူ ၂၇၄၀ ဦး ရှိခဲ့ပါတယ်။
လက်နက်ကိုင်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၁၄၉ ဦးနဲ့ ဒဏ်ရာရသူ ၁၅၅ ဦး၊ အရပ်သားအချင်းချင်း ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေနဲ့ ရာဇ၀တ်မှုတွေကြောင့် သေဆုံးသူ ၇၀ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့ပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှု ဖြစ်စဉ် တွေကြောင့် သေဆုံးမှုများတဲ့ မြို့နယ်တွေကို ကြည့်ရင် မုံရွာမြို့နယ်မှာ ၃၄၃ ဦး စစ်ကိုင်းမြို့နယ်မှာ ၂၇၂ ဦး ရွှေဘိုမြို့နယ်မှာ ၂၆၉ ဦး၊ ခင်ဦးမြို့နယ်မှာ ၂၆၆ ဦး၊ ကန့်ဘလူမြို့နယ်မှာ ၂၃၈ ဦး မြင်းမှုမြို့နယ်မှာ ၁၉၅ ဦးနဲ့ အသီးသီးတွေ့ရပါတယ်။
၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းထဲမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၄၇၈ ဦးနဲ့ ဒဏ်ရာရသူ ၅၃၂ ဦး ရှိခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အရပ်သား သေဆုံးမှုများတဲ့ မြို့နယ်တွေကို ကြည့်ရင် ကန့်ဘလူမြို့နယ်မှာ ၁၅၅ ဦး၊ မင်းကင်းမြို့နယ်မှာ ၃၇ ဦး၊ ထီးချိုင့်မြို့နယ်မှာ ၃၄ ဦး၊ ကလေးမြို့နယ်မှာ ၂၉ ဦး၊ အင်းတော်မြို့နယ်မှာ ၂၉ ဦး၊ တမူးမြို့နယ်မှာ ၂၅ ဦး ပုလဲမြို့နယ်မှာ ၂၄ ဦး ဒီပဲယင်းမြို့နယ်မှာ ၂၃ ဦးနဲ့ ရှိကြောင်း သိရပါတယ်။
၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်ကိုင်းထဲမှာ လက်နက်ကြီးထိမှန်လို့ အရပ်သား သေဆုံးသူ ၄၂၈ ဦးနဲ့ ဒဏ်ရာရသူ ၁၀၀၆ ဦးရှိခဲ့ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးမှု များတဲ့ မြို့နယ်တွေကို ကြည့်ရင် ကလေးမြို့နယ်မှာ ၇၉ ဦး၊ ရွှေဘိုမြို့နယ်မှာ ၄၂ ဦး၊ ယင်းမာပင်မြို့နယ်မှာ ၄၁ ဦး ကန့်ဘလူမြို့နယ်မှာ ၃၂ ဦး၊ မုံရွာမြို့နယ်မှာ ၃၀ ဦးနဲ့ ခင်ဦးမြို့နယ်မှာ ၂၅ ဦး ရှိပါတယ်။
ကျား/မ အုပ်စုအလိုက် ထိခိုက်မှုကို ကြည့်ရင် အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသား သေဆုံးမှုက အများဆုံးဖြစ်ပြီး သေဆုံးသူ ၃၇၂၁ ဦးရှိတာကြောင့် အရပ်သားသေဆုံးသူဦးရေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ Data for Myanmar ရဲ့အချက်အလက်တွေအရ သိရပါတယ်။