၆ ဇန်နဝါရီ၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး ကံမရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျောက္ကာရွှေဂူနီဘက်ကနေပြီး အနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မုံရွာအရှေ့ ကံမရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံအရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ၅ နှစ်သားကလေးငယ်တစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ကံမရွာက လူနေအိမ်ကို မီးရှို့ဖျက်ဆီးနေတာကြောင့် လူနေအိမ် ၂၂ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တခြား ရွာတွေက ပြည်သူတွေနဲ့ မွေးမြူထားတဲ့ ဝက် ၊ နွားတွေ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂ ရက်က ကံမရွာကို ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ဒေသခံ တစ်ရာကျော်ကို ဖမ်းဆီးပြီး ဓားစာခံလုပ်ထားပါတယ်။ ဖမ်းဆီးသူတွေထဲက တချို့ကို ပြန်လွှတ်ပေးပြီး ၅၀ဝန်းကျင်ကို ဆက်ပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
“မနေ့ကထိ မလွတ်သေးပါဘူး ၊ ငွေနဲ့ရွေးခိုင်းထားတယ်လို့ပြောပေမယ့် ဘယ်လောက်နဲ့ရွေးရမှာလဲဆိုတာလည်း မသိပါဘူး။ ဖမ်းမိသူတွေကိုတော့ မုံရွာမြို့ပေါ်ကို ခေါ်သွားပါပြီ။ ဖမ်းခံရတဲ့ထဲ ၅ နှစ်ကလေး ပါသလိုလို၊ ပျောက်နေသလိုလိုလည်း ပြောကြပါတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်တဲ့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဒီဇင်ဘာ ၁၆ ကနေ ဒီဇင်ဘာ ၃၁ အထိ စစ်ကိုင်းတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် ၇၀ ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။
Photo – Citizen