၂၉ ဒီဇင်ဘာလ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ဒေသခံ ၂၅၀ကျော်နဲ့ ခရီးသွားတွေကို စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ ၂၅ ရက်က ၂၇ ရက်အထိ သုံးရက်အတွင်း ဇီးတော၊ ရွှေချောင်းလည်၊ သရက်တိုရိုး၊ ကံသစ်ရွာတွေကို စီးနင်းခဲ့ပြီး ဒေသခံတွေနဲ့ ခရီးသွားတွေကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၂၅ ရက် မနက် ၄ နာရီမှာ စစ်ကားငါးစီးနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဘုတလင်မြို့နယ်ထဲက ဇီးတောရွာကို စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးထားတဲ့လူတွေကို လူသားဒိုင်းအဖြစ်သုံးပြီး ကူတော်ရွာကို ရောက်ရှိပြီး အထိုင်ချနေတယ်လို့ သိရပြီး ဖမ်းဆီးထားသူတွေကို ဒီဇင်ဘာ ၂၉ ရက်နေ့ထိ ပြန်မလွှတ်သေးကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ဇီးတော၊ ရွှေချောင်းလည်၊ သရက်တိုရိုး၊ ကံသစ် စတဲ့ ရွာတွေအပါအဝင် ဘုတလင်မြို့နယ်အတွင်းက ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။