ဒီနေ့ ဩဂုတ်၂၅ရက်နေ့မှာ ငလျင်ဒဏ်အကြီးအကျယ်ခံစားခဲ့ရတဲ့ မန္တလေးမြို့ Sky Villa အဆောက်အအုံကနေ ရုပ်အလောင်း ၇ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
ယခုနှစ် မတ်လ ၂၈ရက်မှာ မန္တလေးငလျင်လှုပ်ခတ်ခဲ့တာဟာ ၅ လပြည့်ဖို့သုံးရက်သာလိုတော့တဲ့အချိန်အထိ ကြွင်း ကျန်ရုပ်အလောင်းတွေထပ်မံတွေ့ရှိနေသေးတာဖြစ်ပါတယ်။
ဒီလိုတွေ့ရှိမှုအပေါ် မန္တလေးမြို့ခံတွေအနေနဲ့ ဝေဖန်တာတွေမြင့်တက်နေပြီး၊ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ခဲ့စဉ်အချိန်တုန်းက အဲဒီ Sky Villa အဆောက် အအုံအတွင်း စစ်ကော်မရှင်က ရှာဖွေကယ်ဆယ်ရေး လုပ်ဖို့ တားမြစ်ခဲ့တာမျိုးတွေလည်း ရှိခဲ့တာဘဲဖြစ်ပါတယ်။
” ခင်ဗျားဗျာ ငလျင်လှုပ်တာ ငါးလပြည့်ဖို့ သုံးရက်ဘဲလိုတော့တယ်။ အခုထိ အ လောင်းတွေက ထွက်နေတုန်း။ နိုင်ငံတ ကာ က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေလာတုန်းက အဲ့ဒီအဆောက်အဦးကလွဲရင် ကျန်အဆောက်အဦးတွေ၊ စစ်ကိုင်းဘက်တွေကို ရှာခိုင်းပြီး Sky Villa ကိုကျတော့ သူတို့စစ်တပ်က လူတွေဘဲရုပ်ပြရှာခဲ့တာလေ။ ရှာဖွေကယ်ဆယ်ရေးအချို့အဖွဲ့တွေ လာသာလာတာ ငုတ်တုတ်အ ဆင့်မို့အစောကြီးပြန်သွားကြတာ အဲ့ဒီ Sky Villa ပေါ့”လို့ မန္တလေးမြို့ခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ဒီနေ့ တွေ့ရှိတာဟာ Sky Villa အဆောင် A၊ အခန်းအမှတ် F 3 ကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို ရှင်းလင်းရေးဆောင်ရွက်စဉ်မှာ တွေ့ရှိခဲ့တာဖြစ်သလို အဆောင် A၊ အခန်းအမှတ် A 4 ကနေ လည်း အမျိုးသား ၂ ယောက်နဲ့ အမျိုး သမီး ၂ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ မီးသတ်ဦးစီးကနေ ထုတ်ပြန်လာတာဖြစ်ပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ ဩဂုတ် ၁၃ ရက်အထိ သေဆုံးသူ ၃,၇၇၃ ယောက်၊ ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅ ယောက်ရှိပြီး အဆောက်အအုံတွေအတွင်းပိတ်မိနေသူတွေထဲကအသက်ရှင်သူ ၆၅၃ယောက်နဲ့ သေဆုံးသူ ၈၅၁ ယောက်ကို ရှာဖွေနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MFSD


