Homeပြည်တွင်းသတင်းစခန်း ၄၀ ခေါ် တာမွေမြို့မရဲစခန်းကို မြေအောက်တော်လှန်ရေးသမားတွေ ဗုံးခွဲတိုက်ခိုက်

စခန်း ၄၀ ခေါ် တာမွေမြို့မရဲစခန်းကို မြေအောက်တော်လှန်ရေးသမားတွေ ဗုံးခွဲတိုက်ခိုက်

၂၉ ဩဂုတ်၊ ၂၀၂၄

ရန်ကုန်မြို့ တာမွေမြို့နယ်က တာမွေမြို့မရဲစခန်းခေါ် စခန်း ၄၀ ကို ဩဂုတ်လ ၂၈ ရက်နေ့လည်ပိုင်းမှာ အောင်မြင်စွာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF) က အသိပေး ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၈ ရက် နေ့လည် ၂ နာရီ ၄၀ မှာ တာမွေရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ပြီး ရဲ သုံးဦး သေဆုံးခဲ့တယ်လို့ Anonymous Force အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို “Cheetah Operation” တွေထဲက တစ်ခုအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေ တစ်စုံတစ်ရာ ထိခိုက်ခဲ့တာ မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ Anonymous Force အဖွဲ့က ထုတ်ပြန်ပါတယ်။

ဖြစ်ပွားချိန်မှာ ဗုံးပေါက်သံအကျယ်ကြီးကြားပြီး ရဲတွေ ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ ပတ်ဝန်းကျင်က လူတွေက ပြောဆိုပါတယ်။ ဆေးရုံကား ၊ ရဲကား ဝင်ထွက်သွားလာမှုတွေ ရှိပြီး လမ်း ၁၅၀ ထောင့်မြင်ကွင်းကို တာလပတ်စတွေနဲ့ လိုက်ပြီး ကာနေတယ်လို့ ဆိုပါတယ်။

တာမွေရဲစခန်းဟာ ၂၀၂၁ ခုနှစ်မှာ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ပြီး ဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသား လူငယ် ၁ ဦး ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

စစ်တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရနေတဲ့ ဆေးကျောင်းသားကိုခန့်ညားဟိန်းကို တာမွေမြို့နယ် ရဲစခန်း (စခန်း ၄၀) အတွင်းကို ဒရွတ်တိုက် ဆွဲခေါ်သွားခဲ့ပြီး ဒဏ်ရာရလူနာကို သွားကောက်တဲ့ မိန်းကလေးငယ် ၁ ဦးကိုလည်း ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ သီတာလမ်းထိပ် ဆန္ဒပြတဲ့လူငယ်တွေကို တာမွေရဲစခန်းအတွင်းက အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် လူငယ်နှစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read