၁၇ ဇန်နဝါရီ၊ ၂၀၂၅
ထိုင်းမြန်မာနယ်စပ်မှာ မြဝတီမြို့နယ်အတွင်း လာရောက် လုပ်ကိုင်နေကြတဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဒီမို ကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က ဇန်နဝါရီလ ၁၅ ရက်မှာ တွေ့ဆုံပြီး အရေးပေါ် ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်မြေထိစပ်နေတဲ့ မြဝတီမြို့နယ်က BGF ထိန်းချုပ်ထားတဲ့ဒေသတွေထဲမှာ တရုတ်နိုင်ငံသားတွေကို လှည့်ဖျားခေါ်ဆောင်ပြီး ငွေလိမ်လုပ်ငန်းတွေမှာ အတင်းအကြပ်စေခိုင်းတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
မြဝတီဒေသမှာ ကြီးထွားနေတဲ့ ငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ ရာဇဝတ်လုပ်ငန်းတွေ ရပ်တန့်ဖို့နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေကို စေခိုင်းခြင်း၊ ငွေညှစ်ခြင်းများ၊ နှိပ်စက် ညှဉ်းပန်းခြင်းတွေ မပြုလုပ်ဖို့ ၊ လုပ်ခဲ့ရင် လုပ်ငန်းပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ BGF က သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအစည်းအဝေးကို BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်း၊ DKBA ဒု စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ စိုင်းကျော်လှနဲ့ တခြားအရာရှိတွေအပါအဝင် တရုတ်စီးပွားရေးသမား ၆၀ ဦးလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသား သရုပ်ဆောင် အမျိုးသားတစ်ဦး ဇန်နဝါရီ ၃ တွင် ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး ဇန်နဝါရီလ ၇ ရက်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံဘက် ရောက်ရှိပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လိမ်ဖို့အတွက် သင်တန်းတက်ခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အွနလိုင်းငွေလိမ်ဂိုဏ်းနဲ့ ရာဇဝတ်ဂိုဏ်းတွေကို အာဆီယံနိုင်ငံတွေနဲ့အတူ နယ်စပ်ဖြတ်ကျော်နှိမ်နင်းဖို့ အသင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူ ၆၀၀၀ ခန့်ရှိနေတယ်လို့ ထိုင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Civil Society Network for Victim Assistance in Human Trafficking က ဒီလဆန်းမှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။ ဒီအစီရင်ခံစာအရ လူကုန်ကူးခံရသူတွေထဲက ၃၉၀၀ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – Mae Sot Media