Homeပြည်တွင်းသတင်းငွေရိုက်ထုတ်စရာမလိုပဲ လစာပေးနိုင်မယ့် QR စနစ်နဲ့ ငွေပေးချေမှုလုပ်ဖို့ စစ်ကောင်စီ စတင်

ငွေရိုက်ထုတ်စရာမလိုပဲ လစာပေးနိုင်မယ့် QR စနစ်နဲ့ ငွေပေးချေမှုလုပ်ဖို့ စစ်ကောင်စီ စတင်

၂၈ ဖေဖော်ဝါရီ ၊၂၀၂၅

မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေအတွက် မြန်မာQR (MMQR)ကို စတင်အသုံးပြုနိုင်ပြီဖြစ်တယ် လို့ ဖေဖော်ဝါရီလ၂၇ ရက်က နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁မှာ လုပ်တဲ့ အခမ်းအနားက သိရပါတယ်။

မြန်မာQR (MMQR)ကို National QR Standard အဖြစ်သတ်မှတ်ပြီး QR Codeနဲ့ ငွေပေးချေမှုကို ထောက်ပံ့နိုင်တဲ့ Digital Payment Switch စနစ်တစ်ခုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်ကြီးကြပ်ကာ System Operator အဖြစ် Payplus Co., Ltd. က ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်မြန်မာQR (MMQR) မှာ AYA Pay၊ KBZ Pay၊ Wave Money၊ OK$၊ CB Pay၊ uabpay၊ A+ Wallet၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego နဲ့ Mpitesanတို့က ပထမအဆင့်အနေနဲ့ ပူးပေါင်းပါဝင်မှာဖြစ်သလို နောက် ပိုင်းမှာ မိုဘိုင်းဘဏ်လုပ်ငန်း၊Mobile Wallet ဆောင်ရွက်တဲ့ဘဏ်နဲ့ ငွေပေးချေမှုအဖွဲ့အစည်းတွေ အားလုံးပါဝင်လာမယ်လို့ သိရပါတယ်။

မြန်မာQR (MMQR)ကို အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ပုဂ္ဂလိကဆေးရုံတွေ၊ ‌ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေရောင်းချတဲ့ စီးပွား ရေးလုပ်ငန်းတွေမှာ စတင်အသုံး ပြုနိုင်ပြီလို့လည်း ကြေညာထားပါတယ်။

စစ်ကောင်စီအနေနဲ့ ငွေကြေးရိုက်ထုတ်စရာမလိုတော့ပဲ ဝန်ထမ်းလစာတွေကိုလည်း QR စနစ်နဲ့ ပေးဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read