၄ အောက်တိုဘာ၊ ၂၀၂၄
ငွေစက္ကူသစ်များ ရိုက်ထုတ်နေရပြီး စီးပွားရေးမတည်ငြိမ်ဘဲ ကုန်ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ စစ်ကောင်စီ က ငွေကျပ် ၁၅၀ ဘီလီယံကို ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နဲ့ ပူးပေါင်းပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ အောက်တိုဘာ ၄ ရက်က စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြလိုက်ပါတယ်။
နိုင်ငံရေးနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်နေချိန်မှာ နောက်ထပ် ချေးငွေအများအပြား ဗဟိုဘဏ်က ထုတ်ယူ တာဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
“ဒီလိုလုပ်တာဟာ ရေတိုကော ရေရှည်ကော မကောင်းဘူးဗျ၊ ဆိုးကျိုးတွေ များတယ်။ ငွေကြေးဖောင်းပွတာ ၊ ကြွေးပြန်မဆပ်နိုင်တာ၊ လာဘ်စားတာ၊ ချေးငွေပေါ်မှာပဲ အမြဲ မှီခိုနေတာ ၊ စီမံမှုအမှားတွေ ဖြစ်လာနိုင်တာ၊ ချေးတဲ့ပုံစံက မမျှတတာ ဒါမျိုးတွေ ဖြစ်လာမယ်။ အခု မြန်မာငွေဈေးက တက်လိုက်ကျလိုက်နဲ့ မငြိမ်ဘူး ၊ ကျန်တာဈေးအကုန်တက်နေချိန် ဒါမျိုးဖြစ်လာတာ ပြည်သူတွေ ပိုကြပ်တည်းလာနိုင်တယ်”လို့ စီးပွား ရေးပညာရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
နိုင်ငံတော်ပိုင်ငွေ ငွေကျပ် ၁၅၀ ဘီလီယံကို စစ်ကောင်စီက အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်း ရှင်တွေအတွက် သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေထုတ်ချေးဖို့ မြန်မာ့စီပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွေအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နဲ့ နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် ရုံးချုပ်မှာ အောက်တိုဘာ ၄ ရက်မနက်ပိုင်းက လက်မှတ်ရေးထိုးကြပါတယ်။
“တကယ်တော့ MSME ဆိုတာ သူတို့လူတွေပဲ များတယ်၊ အချင်းချင်း လက်သင့်ရာထုတ်ချေးနေတာပဲ၊ စစ်တပ်ဘက်ကလူဆို တကယ်မရှိတဲ့ဆိုင် အဖွင့်ပြထားလဲထုတ်ချေးတယ်၊ ဖယောင်းတိုင်လုပ်ငန်းလည်း ထုတ်ချေးတယ်၊ သူတို့နဲ့မပတ်သတ်တဲ့အပြင်လူတွေ ချေးငွေ သွားလျှောက်လည်း တစ်ခါမှ မရဘူး” လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့နှစ်မှာ ကိုဗစ်ရောဂါကပ် ကျရောက်နေတဲ့ ၂၀၂၀ ထက် ၁၈% ကျဆင်းခဲ့ပြီး ဒီနောက်ပိုင်းမှာ Foreign Direct Investment တွေ ထွက်ခွာသွားပြီး ဖွံ့ဖြိုးတိုး တက်မှု လုံးဝ ကျဆင်းခဲ့တယ်လို့ Asia Development Bank က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ဖြစ်တဲ့ Asia Development Bank နဲ့ World Bank တွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ် တော်တော်များများကို ရပ်ဆိုင်းထားတယ်လို့ ကြေညာထားပါတယ်။
Photo -cincds


