၂ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာ့ရေပိုင်နက်ထဲကို ဝင်လာတဲ့ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာစစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးလိုက်တဲ့အတွက် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကို ကန့်ကွက်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာက ပြောဆိုပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာမဆို အခုလို အကြမ်းဖက်လုပ်ရပ်ကို လက်မခံနိုင်ကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေ အမြန်ဆုံး ပြန်လွတ်ဖို့ ညှိနှိုင်းဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီဇင်ဘာ ၁ ရက်က ပြောဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူရဲ့ မိသားစုဝင်တွေကို ဝမ်းနည်းကြောင်း အားပေးပြောဆိုခဲ့ပြီး ဖမ်းဆီးခံထားရသူတွေရဲ့မိသားစုဝင်တွေကိုလည်း အမြန်ဆုံးပြန်လွတ်စေဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။
မြန်မာ့ရေပိုင်နက်ထဲကို ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ထဲက ငါးဖမ်းစက်လှေ ၁၅ စီးဟာ ၇.၄ ကီလိုနဲ့ ၁၀.၆ ကီလိုအထိ ဝင်ရောက်သွားတဲ့အတွက် မြန်မာစစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးတာ ဖြစ်ပါတယ်။ ငါးဖမ်းလှေပေါ်က လူတွေဟာ ကြောက်လန့်ပြီး ရေထဲကို ခုန်ချခဲ့တဲ့အတွက် ထိုင်းနိုင်ငံသား ၂၄ နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးပြီး ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် ၃၁ ဦးနဲ့ စက်လှေ ၂စီးကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကလည်း အခုလို မြန်မာဘက်က အင်အားသုံး ဖြေရှင်းခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းပြောဆိုပြီး ဖြစ်စဉ်အသေးစိတ်ကို ရှင်းပြဖို့နဲ့ ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို စာပေးပို့တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီမြန်မာသံအမတ်နဲ့ ဒီဇင်ဘာလ ၂ ရက် တွေ့ဆုံဆွေးနွေးဖို့ ဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းရေတပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အပါအဝင် ရေတပ်အရာရှိတွေကလည်း မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးတဲ့အတွက် ရေနစ်ပြီး သေဆုံးခဲ့တဲ့ ထိုင်းအမျိုးသားရဲ့ နာရေးကို ဒီဇင်ဘာ ၁ ရက် မနေ့က သွားရောက်ပြီး မိသားစုဝင်တွေကိုအားပေးခဲ့တယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူရဲ့နာရေးကို သွားခဲ့တဲ့ ထိုင်းရေတပ်အရာရှိတွေဟာ မြန်မာဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်း နိုင်ငံသား လေးဦးရဲ့ မိသားစုဝင်တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ထိုင်းရေတပ်အနေနဲ့ ပြည်သူတွေကို ပစ်ထားမှာမဟုတ်ဘူးဆိုတာနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ၊ အာဏာ နဲ့ အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ထိုင်းရေတပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၉ ရက်က မြန်မာရေလုပ်သား ၂၇ ဦး နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွှတ်ပေးရေး ထိုင်းအစိုးရ နဲ့ စစ်တပ်ဘက်က မြန်မာဘက်ကို ဖိအားပေးဆောင်ရွက်နေ တာဖြစ်ပါတယ်။
Photo – ဘန်ကောက်ပို့စ်