Homeပြည်တွင်းသတင်းငလျင်သင့် ဒေသတွေကို ပြည်တွင်းပြည်ပ ခရီးသွားတွေ လာလည်ဖို့ စစ်ကောင်စီဖိတ်ခေါ်

ငလျင်သင့် ဒေသတွေကို ပြည်တွင်းပြည်ပ ခရီးသွားတွေ လာလည်ဖို့ စစ်ကောင်စီဖိတ်ခေါ်

မေ၊ ၂၀၂၅

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို ပြည်တွင်းပြည်ပခရီးသည်တွေက သွားရောက်လေ့လာ ကြည့်ရှု ကြခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်တဲ့ ဗဟုသုတတွေ ရရှိစေမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေအများဆုံးသွားရောက်လည်ပတ်တဲ့ ခရီးစဉ်ဒေသတွေက ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရရှိစေဖို့အတွက်ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကို လေ့လာဖို့ ပြည်တွင်းပြည်ပခရီးသည်တွေကို ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်ပျက်စီးခြင်းမရှိတဲ့ဟိုတယ်တွေ၊ ခရီးသွားအေဂျင်စီတွေ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့တွေအနေနဲ့ပုံမှန်အတိုင်းလုပ်ငန်းတွေ ပြန်လည် လည်ပတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီလက်အောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကောင်းကောင်းမလုပ်နိုင်သေးတဲ့ အချိန်အခုလို ထုတ်ပြန်တာကိုနားမလည်နိုင်ဘူးလို့ စစ်ကိုင်းမြို့က ငလျင်ဒဏ်သင့်ပြည်သူတွေက ပြောပါတယ်။

“ငလျင်ပြီးကတည်းက အကူအညီလည်းကောင်းကောင်းမရ၊ နောက်ဆက်တွဲငလျင်တွေကြောင့် လမ်းပေါ်ထွက်နေရတဲ့ အခြေအနေမှာ ဘာတွေ ထုတ်ပြန်တာလဲတောင် မပြောတတ်တော့ပါဘူး။”လို့ စစ်ကိုင်း​ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

ပြည်တွင်းပြည်ပခရီးသည်တွေအနေနဲ့ ငလျင်ဘေးသင့်ရာဒေသတွေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေရဲ့ ခရီးသွားဆွဲဆောင်ရာနေရာတွေကို ယခင်ပုံမှန်အတိုင်း သွားလာလည်ပတ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most read